နည်းဗျူဟာများ လေ့လာရေး အလုပ်ရုံဆွေးနွေးပွဲ ခရီး အကြောင်း

မနေ့ကနဲ့ ဒီနေ့ ကျနော် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းမှ အနာဂတ်နည်းဗျူဟာများ လေ့လာမှု အလုပ်ရုံဆွေးနွေးပွဲကို တညအိပ် နှစ်ရက် ခရီးစဉ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ အဖွဲ့အစည်းရဲ့ နောင်အနာဂတ်နဲ့ ပတ်သက်ပြီး နည်းဗျူဟာများကို ချမှတ် နိုင်ရန်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ယခုနှစ် သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ နောင်တွင်လည်း နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ဂျပန်နိုင်ငံတွင် ဝန်ထမ်းပေါင်း ၁၀၀ နီးပါးခန့် ရှိပြီး၊ မြန်မာ ဝန်ထမ်း ၈၈ဦးရှိပါတယ်။ မနှစ်က အလုပ်ရုံဆွေးနွေးပွဲတွင် စီမံခန့်ခွဲရေး ဝန်ထမ်းများနှင့် မြန်မာခေါင်းဆောင်ပိုင်းဝန်ထမ်း စုစုပေါင်း ၃၀ နီးပါးဖြင့်သာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာခေါင်းဆောင်ပိုင်းဝန်ထမ်းများသာမက လုပ်ငန်းခွင်အမျိုးမျိုးမှ ဝန်ထမ်းများ၊ အနာဂတ်တွင် ခေါင်းဆောင်နိုင်စွမ်းရှိမည့်သူများထဲမှ ဝန်ထမ်းအနည်းငယ်ကို ရွေးချယ် ဖိတ်ကြားကာ စုစုပေါင်း ၅၀ဦးခန့် ပါဝင် ဆွေးနွေးခဲ့ပါတယ်။ ဖိတ်ကြားခံရပေမယ့် လုပ်ငန်းကိစ္စရပ်များရှိလို့ မလိုက်ပါနိုင်သူများလည်း ရှိပါတယ်။

အနာဂတ် နည်းဗျုဟာများ ချမှတ်တယ်ဆိုတာ လူတဦးချင်းမှစပြီး နိုင်ငံတနိုင်ငံအထိ အဆင့်ဆင့်တိုင်းတွင် လိုအပ်ပါတယ်။ အနာဂတ်နည်းဗျူဟာများ ချမှတ်ရန်အတွက် အရေးကြီးသည်မှာ လက်ရှိ အခြေအနေကို အသေးစိတ် သုံးသပ်ခြင်းဖြစ်ပါတယ်။ လက်ရှိ အခြေအနေကို သုံးသပ်ရာတွင် အချက် ၄ချက်ဖြင့် သုံးသပ်လေ့ ရှိကြပါတယ်။ အနောက်နိုင်ငံများက စခဲ့တဲ့ SWOT Analysis လို့ နာမည်ကြီးတဲ့ ခွဲခြမ်းသုံးသပ်တဲ့ စနစ်ပါပဲ။

swot.jpg

<image copy from http://www.pkidd.com/images/swot.jpg>

လက်ရှိ အားသာချက်ကဘာတွေလဲ၊ အားနည်းချက်ကဘာတွေလဲ၊ အခွင့် အလမ်းတွေက ဘာတွေလဲ၊ အခက်အခဲတွေက ဘာတွေလဲ စသဖြင့် အခြေအနေ ၄ခုမှ ကြည့်ပြီး ဖော်ထုတ် သုံးသပ်ကြပါတယ်။ လက်ရှိအခြေအနေကို အသေအခြာ သိပြီးမှသာ မှန်ကန်တဲ့ အနာဂတ် နည်းဗျူဟာကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်နည်းဗျူဟာ ချမှတ်ရာမှာလည်း အချိန်တိုအတွင်း ချက်ခြင်း ဆောင်ရွက်ရမယ့် အကြောင်းအရာများလည်း ရှိသလို၊ ရေရှည် အစီအစဉ် အသေးစိတ်ကို ရေးဆွဲ ဆောင်ရွက်ရမည်များလည်း ရှိပါတယ်။

အဖွဲ့အစည်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် အဖွဲ့အစည်းအတွင်းမှ လုပ်ငန်းလုပ်ဆောင်သောသူများက အဖွဲ့အစည်း ရည်မှန်းချက်များ၊ နည်းဗျူဟာများကို သိရှိနားလည်ရန် အရေးကြီးပါတယ်။ ထို့အတူ အဖွဲ့အစည်းတွင်းမှ လုပ်ငန်းလုပ်ဆောင်နေသူများရဲ့ လိုအပ်ချက်များ၊ တောင်းဆိုမှုများကို လည်း အဖွဲ့အစည်းကို ဦးဆောင် စီမံနေသူများအနေဖြင့် သိရှိနားလည်ထားရန်မှာလည်း အရေးကြီးပါတယ်။ အဖွဲ့အစည်းကြီးလာတာနဲ့ အမျှ အဖွဲ့အစည်းတွင်းတွင် အဖွဲ့ငယ်များဖွဲ့ပြီး၊ ထိုအဖွဲ့ငယ်များကို ဦးဆောင် စီမံနိုင်သူများကို မွေးထုတ်ရန်မှာ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ စီမံခန့်ခွဲမှုက အရေးပါလာပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အများလက်ခံထားကြတဲ့ အဖွဲ့အစည်းများရဲ့ သိပ္ဗံနည်းကျ စီမံခန့်ခွဲမှုပညာရဲ့ အစ ပထမက စစ်တပ်တွင်း စီမံခန့်ခွဲမှုဖြစ်ပါတယ်။ စစ်တပ်တွင်း အဖွဲ့အစည်း စီမံခန့်ခွဲမှုမှ အောင်မြင်ခဲ့မှုများကို အတုယူကာ့ အရပ်သား အဖွဲ့အစည်း စီမံခန့်ခွဲမှုပညာများကို သက်မှတ်ထားသည်ဟု ဖတ်ရှုမှတ်သားဖူးပါတယ်။

မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စရပ်များ အသေးစိတ်ကို အဖွဲ့အစည်းတွင်းမှ ဝန်ထမ်းများ အားလုံးကို မနှစ်တုန်းကလိုပဲ ပြန်လည် တင်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရေးပြဖို့ကတော့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ မဖြစ်နိုင်ပေမယ့် အကြမ်းဖျဉ်း ကိစ္စများကို တော့ ရေးပြချင်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို တိုကျိုမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ပင်လယ်ကမ်းစပ်မြို့လေးရဲ့ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

15443049_10154823803630970_9195256148317879213_o.jpg

ပထမနေ့မှာတော့ ဘတ်စ်ကား တစီး စီးလုံးငှားပြီး သွားကြပါတယ်။ မနက်၉ နာရီခန့် တိုကျိုမြို့မှ ထွက်ပြီး၊ ၁၁နာရီခန့်တွင်ဟိုတယ်ကိုရောက်ပြီး နေ့လည်စာ စားကြပါတယ်။ ပြီးတော့ ကြိုတင်ခွဲထားတဲ့ အဖွဲ့အလိုက် ဆွေးနွေးခန်းများတွင် သက်ဆိုင်သူများက အချိန် ၅နာရီခန့်ကြာအောင် အလုပ်ရုံသဘောဖြင့် ဆွေးနွေးတိုင်ပင်ပြီး အဖွဲ့အစည်း၏ အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အရေးများ၊ အခက်အခဲများကို ထုတ်နှုတ်ပါတယ်။ ထို့နောက် နောင် အနာဂတ်တွင် ဘယ်သို့ဘယ်ပုံ ပြုပြင်ဆောင်ရွက်မည်၊ ပြုပြင်ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးကြပါတယ်။ နည်းဗျူဟာ အဟောင်းများ၊ အသစ်များနဲ့ ပတ်သက်ပြီး လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန်နှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်ရန် ရှေ့ဆက်လုပ်ဆောင် သင့်သည်များကို ဆွေးနွေးတိုင်ပင်ကြပါတယ်။

အားလုံးက မိမိ အဖွဲ့အလိုက် သက်မှတ်ထားသော အကြောင်းအရာပေါ်တွင် တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြပါတယ်။ အချိန်ကန့်သက်ချက်လည်းရှိတော့ ဆွေးနွေးချက်များကို စုစည်းပြီး ဒုတိယနေ့ မှာ တက်ရောက်လာသူ အားလုံးကို ပြန်လည် တင်ပြနိုင်ရန် ပြင်ဆင်ရပါတယ်။ အချို့ အဖွဲ့များက ညနေစာ ထမင်းစားပြီး ချိန် နောက်ပိုင်း ညနက်တဲ့အထိ စုစည်းတင်ပြတဲ့ စာကို ရေးသားကြတယ်လို့ သိရပါတယ်။ ထမင်းစားပြီး တော့ ဂျပန် ဟိုတယ်များ ထုံးစံအတိုင်း ရေပူကန်ရှိတာကြောင့် ရေပူကန်သွားစိမ်ကြပါတယ်။

ဒုတိယနေ့ မနက်ကတော့ မနက်စာ စားပြီး ၈နာရီကနေစပြီး နေ့လည် ၁၂ နာရီ အထိ ပထမနေ့က အဖွဲ့ငယ်အလိုက် ဆွေးနွေးတိုင်ပင်ခဲ့မှုများကို အားလုံးကို ပြန်လည်တင်ပြ စုစည်းတဲ့ အလုပ်ရုံဆွေးနွေးပွဲကို လုပ်ပါတယ်။ အဖွဲ့ငယ် အသီးသီးက သက်မှတ်ထားတဲ့ တင်ပြသူက အားလုံး ရှေ့တွင်ထွက်ပြီး အဖွဲ့ကို ကိုယ်စားပြုကာ ၁၅ မိနစ်ခန့် စကားပြောပါတယ်။ ပြီးတော့ တင်ပြမှုအပေါ်တွင် သက်ဆိုင်ရာ စီမံခန့်ခွဲမှု ခေါင်းဆောင်မှ ပြန်လည်ပြီး မေးခွန်းမေးတာ သုံးသပ်ချက် ဖြည့်တင်းပြောပြချက်များကို ပြောပါတယ်။ အားလုံးရှေ့မှာပဲ နောင်အနာဂတ်တွင် ဖြစ်သင့်သော အချက်အလက်များကို ဆွေးနွေးကြပါတယ်။

ယခုလိုမျိုး အဖွဲ့အစည်းတွင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြင့် ဝန်ထမ်းများရဲ့ လိုအပ်ချက်များ၊ မကျေနပ်မှုများ၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ၊ ပြောင်းလဲနေသော ဈေးကွက် အနေအထားများကို ပြန်လည် သုံးသပ်နိုင်တဲ့ အခွင့် အရေးကို ရရှိစေပါတယ်။ အဖွဲ ပအစည်း ကြီးလာတာနဲ့ အမျှ အဖွဲ့အစည်း ရည်မှန်းချက်ကို ဝန်ထမ်းအားလုံးသိရှိနိုင်ရန် ဆောင်ရွက်ရသည်မှာ ခက်ခဲလာပါတယ်။ ဒီနေရာမှာ အဖွဲ့အစည်းတွင်းက ပထမနေရာ အဖွဲ့ခေါင်းဆောင်များ၊ စီမံခန့်ခွဲသူများ (First Line) ရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်စွမ်းက အရေးပါလာပါတယ်။ အဖွဲ့အစည်းအနေနဲ့လည်း လုပ်ငန်းရည်မှန်းချက် ရည်ရွယ်ချက်များကို ဝန်ထမ်းအားလုံးသိရှိနိုင်ရန် ပြန်ကြားရေး ကိစ္စရပ်များတွင် ပိုမို အားစိုက်ရန် လိုအပ်လာပါတယ်။ အဖွဲ့အစည်း အင်အားကြီးမားလာတာနဲ့အမျှ အဆင့်ဆင့်သော ခေါင်းဆောင်များမှ တဆင့် စီမံခန့်ခွဲခြင်း၊ ပြန်ကြားခြင်းများလည်း ရှိလာတဲ့အတွက် ခေါင်းဆောင်ကောင်းများ ပြုစုပျိုးထောင် မွေးထုတ်ဖို့ အရေးကြီးလာပါတယ်။

management-at-a-glance-9-728.jpg

(image copy from http://image.slidesharecdn.com/managementataglance-100305042119-phpapp02/95/management-at-a-glance-9-728.jpg?cb=1267762914)

အဖွဲ့အစည်းများတွင် ပထမနေရာ ခေါင်းဆောင်သူ၊ စီမံခန့်ခွဲသူများ ပြုစုပျိုးထောင် မွေးထုတ်နိုင်မှု မရှိပါက ထိုအဖွဲ့အစည်းသည် ဆက်လက် ရပ်တည် အောင်မြင် တိုးတက်ရန်မှာ မဖြစ်နိုင်ပေ။ ကျနော်တို့ မြန်မာနိုင်ငံတွင်ရှိသော အဖွဲ့အစည်းများတွင် ထိုကဲ့သို့ အရေးပါသော ပထမနေရာ ခေါင်းဆောင်သူ၊ စီမံခန့်ခွဲသူများ ပြုစု ပျိုးထောင်ထားခဲ့နိုင်ခြင်း မရှိသောကြောင့် ပြည်တွင်း လုပ်ငန်းများတွင် များစွာသော အခက်အခဲများ ကြုံတွေ့နေရတယ်လို့ သိရှိ ဖတ်ရှုဖူးပါတယ်။

ကျနော်တို့ အဖွဲ့အစည်းမှ ဝန်ထမ်းများသည် လက်ရှိ အိုင်တီနှင့် နည်းပညာဆိုင်ရာ မြန်မာလူငယ်များ ၈၈ ယောက်ဖြင့် ဖွဲ့စည်းထားပြီး၊ ဂျပန်နိုင်ငံရှိ လုပ်ငန်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပါတယ်။ အဖွဲ့အစည်း၏ အဓိက ရည်မှန်းချက်များထဲတွင် ထိုဝန်ထမ်း လူငယ်များရဲ့ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု စွမ်းအားမြှင့်တင်ရေးလည်း ပါဝင်ပါတယ်။ နောင် အနာဂတ်တွင် မိမိတို့ အဖွဲ့အစည်းမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံအတွက် လိုအပ်နေသော ပထမနေရာ ခေါင်းဆောင်သူ၊ စီမံခန့်ခွဲသူများ ဖြစ်လာနိုင်ရန် ပြုစုပျိုးထောင်ပေးနေပါတယ်။ အဖွဲ့အစည်းအနေနဲ့ ပြုစုပျိုးထောင်မှုကိုသာ ပြုလုပ်နိုင်ပြီး လက်တွေ့ ကျင့်ကြံ အားထုတ် ကြိုးစားရမည်မှာ ကျနော်တို့ ဝန်ထမ်း လူငယ်များသာဖြစ်ပါတယ်။

မိမိက မိမိ အဖွဲ့အစည်းအတွက် ဘာလုပ်ပေးနိုင်သလဲကို စဉ်းစားပြီး မိမိကိုယ်တိုင်ရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ရပါမယ်။ မိမိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ရည်မှန်းချက် ဦးတည်ချက် နည်းဗျူဟာများကို သိရှိနားလည်ပြီး၊ မိမိကိုယ်တိုင်အတွက် ရည်မှန်းချက် ဦးတည်ချက် နည်းဗျူဟာများကိုလည်း ချမှတ် ဆောင်ရွက်နိုင်ရပါမယ်။ ထိုသို့ ဆောင်ရွက်နိုင်အောင်လည်း ဝန်ထမ်းများကို အဖွဲ့အစည်းအနေနဲ့ ကူညီ ထောက်ပံ့ ပြုစုပျိုးထောင်ပေးနေပါတယ်။ အနာဂတ် နည်းဗျူဟာများဆိုတာက လူငယ်များရဲ့လက်ထဲမှာပဲ ရှိပြီး၊ ဖြစ်မြောက်အောင် ဆောင်ရွက်ရမှာလည်း လူငယ်များပင်ဖြစ်ပါတယ်။ ဒါက အဖွဲ့ အစည်း တခုတည်းမှာတင်မကပဲ မြန်မာနိုင်ငံတနိုင်ငံလုံးက လူငယ် အားလုံးနဲ့ သက်ဆိုင်ပြီး တာဝန်လည်း ရှိပါတယ်လို့ ထင်ပါတယ်။

“My fellow colleges, ask not what your organization can do for you, ask what you can do for your organization”

“My fellow Myanmar, ask not what your country can do for you, ask what you can do for your country.” (reference from John F. Kennedy Quote)

ကောင်းမြတ်ထွန်း

၂၀၁၆ ဒီဇင်ဘာ ၁၀

Posted in Uncategorized

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading