ယနေ့ ဂျပန်အခြေအနေ
ကျွမ်းကျင်ပညာရှင် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဂျပန်သို့လာပြီး အလုပ်လုပ်ရန် အလွန်ကိုလွယ်ကူနေပါပြီ။ တစ်နှစ်ပြီးတစ်နှစ် နည်းပါးလာသည့် လူဦးရေနှင့် အတူ လုပ်သားလိုအပ်ချက်အတွက် ဖြည့်တင်းပေးနိုင်မှုဟာလည်း ဂျပန်လုပ်ငန်းရှင်များ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုဖြစ်ပါသည်။ ဂျပန်လုပ်ငန်းရှင်တွေအနေဖြင့် လိုအပ်နေသော လုပ်သားလိုအပ်ချက်များအတွက် နိုင်ငံရပ်ခြားမှ မိမိတို့နိုင်ငံကို လာရောက်အလုပ်လုပ်ကိုင် ပေးမည့်သူများကို မျှော်လင့်နေရသော အခြေအနေဖြစ်နေပါပြီ။ လုပ်သားလိုအပ်ချက်ရှိတယ်ဆိုရာမှာ အခြေခံအလုပ်သမားများမှသည် အသိပညာရှင် အတတ်ပညာရှင်များအထိ အလွှာအသီးသီးတွင် လိုအပ်နေခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန်အတွက်၊ နိုင်ငံခြားသား အလုပ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုလွယ်ကူစွာ ဂျပန်နိုင်ငံတွင် လာရောက်နေထိုင် အလုပ်လုပ်ကိုင်နိုင်ရန် ဥပဒေများ၊ နည်းဥပဒေများကို ပြင်ဆင်ဖြည့်တင်းမှုများ ပြုလုပ်နေပါသည်။ ဂျပန်နိုင်ငံသား လူဦးရေနည်းပါးလာမှုနှင့်အတူ နိုင်ငံစီးပွားရေး ကျဆင်းလာမှုကို ပြန်လည်မြှင့်တင်ရန်အတွက် နိုင်ငံခြားသား အလုပ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အင်အားကိုရယူပြီး ဆောင်ရွက်နိုင်ရန် ဂျပန် အစိုးရပိုင်းအနေဖြင့် ဆောင်ရွက်နေခြင်းပင်ဖြစ်ပါသည်။
မည်သည့်နိုင်ငံမှမဆို တက္ကသိုလ်တစ်ခုခုမှ ပညာရပ်ဆိုင်ရာ ဘွဲ့ရရှိထားသူသည် ထိုပညာရပ်ဖြင့် သက်ဆိုင်သော ဂျပန်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နိုင် ခွင့်ရှိပါသည်။ ထိုအလုပ်လုပ်ကိုင်နိုင်ခွင့်ရရှိရန်အတွက် အလုပ်ခန့်ထားပေးသော ၎င်းဂျပန်လုပ်ငန်းမှတစ်ဆင့် ဂျပန်လူဝင်မှုကြီးကြပ်ရေးသို့ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေထိုင်ခွင့်ကို လွယ်လွယ်ကူကူ လျှောက်ထားရယူနိုင်ပါသည်။ နေထိုင်ခွင့်အနေဖြင့် ဦးစွာပထမ တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် စသည်ဖြင့် ပေးအပ်လေ့ရှိပြီး သက်တမ်းကုန်ပါက သက်တမ်းတိုးလျှောက်ထားခြင်းကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ ယခုနှစ်များတွင် IT အတတ်ပညာရှင်များအဖြစ် လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားများအတွက် ပထမဦးဆုံးနေထိုင်ခွင့်ကို ငါးနှစ်အထိ သတ်မှတ်ပေးအပ်နေကြောင်း သိရှိရပါသည်။ IT ပညာရှင်အနေဖြင့် ရရှိမည့် VISA Type သည် [Engineer/ Specialist in Humanities/ Int’l Services] ဖြစ်ပြီး နည်းပညာရှင် အတတ်ပညာရှင်အဖြစ် ဂျပန်နိုင်ငံရှိ မည်သည့် လုပ်ငန်းတွင်မဆို အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
ထူးချွန်သော အလုပ်လျှောက်သူ နည်းပါးလာသော ဂျပန်ITလုပ်ငန်းများ
ဂျပန် IT လုပ်ငန်းများသည်လည်း နှစ်စဉ် ဝန်ထမ်း သစ်ခေါ်ယူရာတွင် လာရောက်လျှောက်ထားသူ နည်းပါး ခြင်း၊ လျှောက်ထားလာသူများ၏ အရည်အချင်းမပြည့် ဝခြင်း စသည်တို့ကြောင့် လိုအပ်သော ဝန်ထမ်းအရေ အတွက်ကို ခန့်ထားနိုင်ခြင်းမရှိ ဖြစ်နေကြပါသည်။ အထူးသဖြင့် အလယ်အလတ်တန်းစား ဂျပန် IT လုပ်ငန်းများ၊ တိုကျိုမဟုတ်သော နယ်ဒေသများတွင် ပင်မလုပ်ငန်းတည်ရှိပြီး တိုကျိုမြို့တွင် လုပ်ငန်းခွဲတည်ထောင်ထားသော IT လုပ်ငန်းများတွင် အလုပ်လျှောက်ထားသူ ရှားပါးနေပါသည်။ အလုပ်လျှောက်ထားသူ ဂျပန်လူမျိုး များကလည်း မျှော်မှန်းထားသလောက် အရည်အသွေး ပြည့်ဝသူများ မဟုတ်ကြဟုသိရပါသည်။ အဘယ်ကြောင့် ဆိုသော် ထူးချွန်သောသူများက အလယ်အလတ် လုပ်ငန်းများသို့ အလုပ်မလျှောက်ကြဘဲ လုပ်ငန်းကြီးများ သို့သာ အလုပ်လျှောက်ကာ အလုပ်ဝင်ကြခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းအလယ်အလတ် လုပ်ငန်းပိုင်ရှင်တို့သည် မိမိတို့လုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်ရန်အတွက် ဂျပန်နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသား ထူးချွန် IT ပညာရှင်များကို မိမိတို့လုပ်ငန်းတွင် ဝန်ထမ်းအနေဖြင့် လာရောက်လုပ်ကိုင်နိုင်စေရန် ပြင်ဆင်ကြရပါတော့သည်။
ငွေကုန်ကြေးကျမရှိဘဲ ဂျပန်နိုင်ငံသို့
ရှေးယခင်က ဂျပန်နိုင်ငံကိုလာပြီး အလုပ်လုပ်မည်ဆိုပါက မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် သိန်း ၅ဝ၊ သိန်း ၁ဝဝ ကုန်ကျခံပြီး လာရောက်လုပ်ကိုင်ရ သည်ဟု ကြားဖူးပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံသား IT ပညာရှင်တစ်ယောက်အနေဖြင့် ဂျပန်နိုင်ငံကို လာရောက်အလုပ်လုပ်ရန်အတွက် မိမိကိုယ်တိုင်မှ ငွေကြေး စိုက်ထုတ်ရန်မလိုတော့ပါ။ အခြေခံအားဖြင့် မိမိကို အလုပ်ခန့်အပ်ချင်သောလုပ်ငန်းမှ အလုံးစုံတာဝန်ယူပြီး ဂျပန် နိုင်ငံရောက်သည်အထိ ခေါ်ယူကြပါသည်။ ဂျပန်နိုင်ငံမှ IT လုပ်ငန်းရှင်များသည်လည်း မြန်မာနိုင်ငံသို့ ကိုယ်တိုင် ကိုယ်ကျလာရောက်ပြီး မြန်မာ IT ပညာရှင်လူငယ်များကို တွေ့ဆုံ၍ မိမိတို့လုပ်ငန်းများကို မိတ်ဆက်ကာ လူတွေ့ အင်တာဗျူးပြီး အရည်အသွေး အရည်အချင်း ပြည့်ဝသော လူငယ်များကို အလုပ်ခန့်အပ်ကြပါသည်။
ယခုနောက်ပိုင်းနှစ်များ (၂ဝ၁၂ ခုနှစ်လောက်မှ စပြီး)တွင် ဂျပန်နိုင်ငံ IT လုပ်ငန်းများမှ စုပေါင်းပြီး Job & Career Fair များပြုလုပ်ကာ မြန်မာ IT ပညာရှင် လူငယ်များကို လုပ်ငန်းမိတ်ဆက်ခြင်း၊ အလုပ်ခေါ်ယူခြင်းများကို နှစ်စဉ် ပြုလုပ်လာကြပါသည်။ ၂ဝ၁၅ ခုနှစ်လောက်အထိ ရန်ကုန်မြို့ကို အခြေပြုပြီး Job & Career Fair များ ပြုလုပ်ခဲ့သော်လည်း ၂ဝ၁၆ ခုနှစ်မှစကာ မန္တလေးမြို့ တွင်နေထိုင်သော လူငယ်များအတွက်ပါ Job & Career Fair ပြုလုပ်ပြီး ဂျပန်နိုင်ငံသို့ လာရောက်အလုပ်လုပ်ပေးနိုင်မည့် မြန်မာ IT ပညာရှင်လူငယ်များကို လာရောက်ရှာဖွေသော ဂျပန် IT လုပ်ငန်းများ များပြားလာနေပြီဖြစ်ပါသည်။ ရှေ့လျှောက်လည်း နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ IT လုပ်ငန်းများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ IT ပညာရှင်လူငယ်များကို အလုပ်ခန့်အပ်နိုင်ရန် လာရောက်ကြဦးမည်ဖြစ်ပါသည်။
အလုပ်ခန့်ထားရာတွင် ဂျပန် IT လုပ်ငန်းများသည် လုပ်ငန်းခွင်ဝင်ခွင့် စာမေးပွဲကို စစ်ဆေးလေ့ရှိပါသည်။ အထူးသဖြင့် သင်္ချာဘာသာရပ် ကျွမ်းကျင်မှုရှိ၊ မရှိကို စစ်ဆေးသော IQ စာမေးပွဲများကို ဖြေဆိုရလေ့ရှိပါသည်။ IT လုပ်ငန်းများသည် စဉ်းစားတွေးခေါ်ပြီး အစီအစဉ်ကျကျ စီစဉ်ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည့်အတွက် IQ စွမ်းရည်သည် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အထူးပင် အလေးထားရသောအရာဖြစ်ပါသည်။ IQ စာမေးပွဲတွင် လုပ်ငန်းများမှ သတ်မှတ်ထားသော အောင်မှတ်ရရှိသူများကို လုပ်ငန်းရှင်များက အင်တာဗျူး တွေ့ဆုံကာ နောက်ဆုံးအဆင့်အနေဖြင့် လူမှုရေး (ပြောဆို ဆက်ဆံနိုင်မှု၊ ခေါင်းဆောင်နိုင်မှု၊ အနာဂတ်ရည်မှန်းချက် ရှိမှု စသည့်) စွမ်းဆောင်ရည်ကို ကြည့်ရှုရွေးချယ်ကြပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် အတွက် ငွေကြေးထက် ပညာသာ အဓိကလိုအပ်ပါသည်။
ဂျပန်စာ၊ ဂျပန်စကား
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ဂျပန်စာ၊ ဂျပန်စကား တတ်မြောက်ကျွမ်းကျင်မှုသည်လည်း မဖြစ်မနေ လိုအပ်ပါသည်။ အချို့ နိုင်ငံတကာ IT လုပ်ငန်းများက အင်္ဂလိပ်စာကိုသာ အဓိကထားလေ့ရှိသော်လည်း ဂျပန် IT လုပ်ငန်းအများစုကတော့ ဝင်ရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားများ၏ ဂျပန်စာ၊ ဂျပန်စကား အရည်အသွေး ကို အဓိကထားကြည့်တတ်ကြပါသည်။ မြန်မာလူငယ် IT ပညာရှင်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများအနေဖြင့် အစပထမတွင် ဂျပန်စာ၊ ဂျပန်စကား မပြောတတ်၊ မရေး တတ်၊ မဖတ်တတ်သည်မှာ အထူးအဆန်းမဟုတ်ပါ။ လူသားအရင်းအမြစ် အရေးပေါ်လိုအပ်နေသော ဂျပန် IT လုပ်ငန်းရှင်များအနေဖြင့် ထူးချွန်သော မြန်မာ IT ပညာရှင်လူငယ်များကို ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ ပြုစုပျိုးထောင်ပေးပါသည်။ ပထမဦးစွာ မြန်မာနိုင်ငံတွင် အလုပ်ခန့်ပြီး လစာပေးထားကာ ဂျပန်စာ၊ ဂျပန်စကားနှင့် ၎င်းတို့လုပ်ငန်းအတွက် လိုအပ်သော IT ပညာရပ်များကို အခမဲ့သင်ကြားပေးပါသည်။ တစ်နှစ် (သို့) တစ်နှစ်ခွဲခန့် အချိန်ယူပြီး ပြုစုပျိုးထောင်ကာ ဂျပန်နိုင်ငံရှိ ၎င်းတို့ လုပ်ငန်းများသို့ လာရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လုပ်ဆောင်နေကြပါသည်။
မြန်မာလူငယ်တစ်ယောက်အနေဖြင့် ဂျပန်စာ၊ ဂျပန် စကားကို တစ်နှစ်(သို့)တစ်နှစ်ခွဲခန့် အချိန်ယူသင်ယူပါက ဂျပန်စာအရည်အချင်း (JLPT) အဆင့် ၂ 2 (N2)ကို ရရှိ အောင် စွမ်းဆောင်နိုင်ပါသည်။ ဂျပန်နိုင်ငံရှိ လုပ်ငန်းများ တွင် ဂျပန်လူမျိုးများဖြင့် ရင်ပေါင်တန်းပြီး အတူတကွ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဂျပန်စာ အရည်အချင်း (JLPT) အဆင့် ၂ (N2) အနည်းဆုံး ရှိထားသင့်ပါသည်။ သို့မဟုတ်ပါက လုပ်ငန်းခွင်တွင် စကားပြောဆိုရာတွင် လည်းကောင်း၊ စာရေးသားဆက်သွယ်ရာတွင် လည်းကောင်း၊ စာရွက်စာတမ်းများ ဖတ်ရှုရာတွင်လည်းကောင်း အခက် အခဲများရှိနိုင်ပါသည်။ ထို့ကြောင့် ဂျပန် IT လုပ်ငန်း အများအားဖြင့်က ဂျပန်နိုင်ငံရှိ ၎င်းတို့ လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ရန် သတ်မှတ်ချက်ကို N2 အဆင့် သတ်မှတ်လေ့ရှိခြင်းဖြစ်ပါသည်။ သို့သော် လုပ်ငန်းအခြေ အနေအပေါ်တွင် မူတည်ပြီး N3 အဆင့်ဖြင့်လည်း ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်သော လုပ်ငန်း များလည်းရှိပါသည်။ ထိုသို့သော လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရသူများအနေဖြင့်လည်း မိမိကိုယ်ပိုင် အရည်အသွေးတိုးတက်စေရန်နှင့် ဂျပန်နိုင်ငံတွင် ပျော်ရွှင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်နိုင်ရန် ဂျပန်စာကို စဉ်ဆက် မပြတ် လေ့လာသင်ယူသင့်ပါသည်။
နည်းပညာများ
တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံတွင် အသုံးပြုနေသော ITပညာရပ်များသည် ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိပါသည်။ အလုပ်အကိုင် အခွင့်အလမ်းပေါများသော Software Development လုပ်ငန်းများတွင် အဓိကအသုံးပြုသော Programming Language သည် Java programming ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် အလုပ်ခန့်ထားခံရသူ သည် ဦးစွာပထမ Programmer တစ်ယောက်အဖြစ် လုပ်ကိုင်ရမည်ဖြစ်သောကြောင့် Java programming ကို သိရှိကျွမ်းကျင်ထားလျှင် ပိုမိုကောင်းမွန်ပါသည်။ လုပ်ငန်းသဘာဝအပေါ်မူတည်ပြီး Java မဟုတ်သော programming language ကို အသုံးပြုရခြင်းများလည်း ရှိနိုင်ပါသည်။ Infra ပိုင်းမှာ အလုပ်လုပ်မည့်သူများကလည်း ဂျပန်နိုင်ငံတွင် Data Center အများအပြားရှိပြီး Global အဆင့် လုပ်ငန်းများကို လုပ်ဆောင်လေ့ရှိပါသည်။ Window Server တင်မက Linux Server ပိုင်းဆိုင်ရာ အသုံးပြုမှုများကိုပါ သိရှိလေ့လာထားသင့်ပါတယ်။ Network အခြေခံများကိုလည်း သိရှိထားသင့်ပါသည်။ Big Data, Cloud Computing, IoT, Robot စသည့် တိုးတက်ပြောင်းလဲနေသော နည်းပညာများကိုလည်း စဉ်ဆက်မပျက်လေ့လာနေရန် လိုအပ်ပါသည်။
လူငယ်များ၏ လိုအပ်ချက်များ
မြန်မာနိုင်ငံ ပညာရေးစနစ်ဖြင့် ပြုစုပျိုးထောင်မှုဖြင့် ပညာရှင်၊ ပညာတတ်လူငယ်များအနေဖြင့် ဂျပန်နိုင်ငံ လုပ်ငန်းရှင်များဘက်မှ ကြည့်ပါက အားနည်းချက် လိုအပ် ချက်များရှိကြပါသည်။ အထူးသဖြင့် လိုအပ်သည်မှာ လူအချင်းချင်း ဆက်ဆံရေးနည်းပညာဖြစ်သည်။ မြန်မာ နိုင်ငံသားများသည် ရှက်တတ်ခြင်း၊ ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်ခြင်းစသည်တို့ကြောင့် လူအချင်းချင်း ဆက်ဆံရာတွင် အားနည်းတတ်ပါသည်။ ဂျပန်လူမျိုးများလည်း အတူတူပင်ဖြစ်ပါသော်လည်း IT လုပ်ငန်းများ လုပ်ဆောင်ရာတွင် IT ပညာရပ်တစ်ခုတည်းသာမက အတူတူ အလုပ်လုပ်ကိုင်နေသောသူများဖြင့် လူအချင်းချင်း ကောင်းမွန်စွာ ဆက်ဆံနိုင်ရန်လည်း အရေးကြီးပါသည်။ လိုအပ်သောအချိန်တွင် သတင်း ပို့ခြင်း၊ အကြောင်းကြားခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း စသည်တို့သည် အထူးပင် အရေးကြီးလှပါသည်။ မည်သည့်နေရာတွင် တာဝန်ကျသည်ဖြစ်ပါစေ ကျရာနေရာတွင် ခေါင်းဆောင်ကောင်းစိတ်ဓာတ်ဖြင့် လူအချင်းချင်း ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံပြီး လုပ်ငန်းကိစ္စများကို အောင်မြင်အောင် စွမ်းဆောင်နိုင်သူဖြစ်ရန် အလွန်ပင်အရေးကြီးပါသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့သော နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံအတွင်းရှိ လုပ်ငန်းများသည် IT နည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးစွဲမှုမရှိသေးပေ။ ထို့အပြင် ပြည်တွင်းလုပ်ငန်းများသည် နိုင်ငံအတွင်းတွင်သာ ရပ်တည်နေပြီး စည်းစနစ် ကျသော လုပ်ငန်းလည်ပတ်မှုစနစ်ကို သေသေချာချာ သုံးစွဲနိုင်စွမ်းမရှိသေးပေ။
စီးပွားရေးလုပ်ငန်းများ မဖွံ့ဖြိုးခြင်းနှင့်အတူ လူငယ်များအတွင်းတွင် စီးပွားရေးဆိုင်ရာဗဟုသုတများ၊ လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အသိပညာများနှင့် ထိတွေ့သိရှိနိုင်မှု အလွန်ပင်နည်းပါးလှပေသည်။ အခြားနိုင်ငံများရှိ လူငယ်များ မည်သူမဆို သိရှိနားလည်ပြီးဖြစ်သော စီးပွားရေး လုပ်ငန်းဆိုင်ရာ ယေဘုယျ ဗဟုသုတများကို မြန်မာလူငယ်များသိရှိမှု အလွန်ပင်နည်းပါးလှသေးသည်။ ITလုပ်ငန်းဆိုသည်မှာ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်း များအတွက် ICT နည်းပညာကို အသုံးပြုကာ လုပ်ငန်းဆောင်တာများ လျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် အကျိုးပြုရသောလုပ်ငန်းဖြစ်ပါသည်။ ထို့ကြောင့် နည်း ပညာသာမက စီးပွားရေးလုပ်ငန်းများ၏ အခြေခံယေဘုယျ ဗဟုသုတများကိုလည်း သိရှိထားရန်လိုအပ်ပါသည်။ မြန်မာ IT လူငယ်ပညာရှင်များအနေဖြင့် IT လုပ်ငန်းများထဲတွင် ရေရှည်ရပ်တည်လုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေး လုပ်ငန်းဆိုင်ရာ အခြေခံယေဘုယျ ဗဟုသုတများနှင့် နေ့စဉ် ပြောင်းလဲနေသော နည်းပညာများကို စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာသင်ယူနေရန် လိုအပ်ပါသည်။
လုပ်ခလစာနှင့် ကုန်ကျစရိတ်များ
ဂျပန် IT လုပ်ငန်းများသည် နိုင်ငံခြားသားဝန်ထမ်းများကို ဂျပန်လူမျိုးများနည်းတူ တူညီသောခံစားခွင့်များနှင့် လုပ်ခလစာများကို ပေးပါသည်။ ဂျပန် IT လုပ်ငန်းများတွင် ဝန်ထမ်းသစ်အနေဖြင့် အလုပ်လုပ်ကိုင်ရာတွင် လုပ်ခလစာအနေဖြင့် လုပ်ငန်းအပေါ်မူတည်ပြီး ယန်း ၂ သိန်း (မြန်မာငွေကျပ်သိန်း ၂ဝ)ခန့်မှ စတင်ရရှိကြပါသည်။ လုပ်ငန်းအပေါ်မူတည်ပြီး နေထိုင်သောအဆောင်ကို အခမဲ့စီစဉ်ပေးခြင်းများရှိသလို နေထိုင်ရန် အိမ်လခ အတွက် အပိုဆောင်းလစာ(ယန်း၂သောင်းမှ ၅ သောင်း ခန့်အထိ)ပေးသော လုပ်ငန်းများလည်းရှိပါသည်။
မြန်မာနိုင်ငံသို့ တစ်နှစ်ကို တစ်ကြိမ်ခွင့်ဖြင့် (၁ဝ ရက်မှ ၁၂ ရက်ခန့်) ပြန်ခွင့်ရှိပြီး လုပ်ငန်းအပေါ် မူတည်ပြီး လေယာဉ်စရိတ် (ယန်း ၈သောင်းခန့်) ကို အပိုဆောင်းလစာအဖြစ် ထုတ်ပေးသော လုပ်ငန်းများ လည်းရှိပါသည်။ လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် မင်္ဂလာ ဆောင်ထောက်ပံ့ငွေ၊ ကလေးမွေးထောက်ပံ့ငွေ၊ မိဘ ဆွေမျိုးဆုံးပါးမှု ထောက်ပံ့ငွေ အစရှိသော ထောက်ပံ့ငွေများကိုလည်း ပေးအပ်လေ့ရှိပါသည်။ လုပ်ခလစာ၊ အပို ဆောင်းလစာနှင့် ထောက်ပံ့ငွေတို့သည် လုပ်ငန်းအပေါ် မူတည်ပြီး ကွာခြားလေ့ရှိပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်သော နိုင်ငံခြားသား တစ်ဦးသည် ကျန်းမာရေးအာမခံ၊ အလုပ်သမားအာမခံ အစရှိသော အာမခံများလည်း ဝင်ရောက်ပြီး ဂျပန်နိုင်ငံက သတ်မှတ်ထားသော ဝင်ငွေခွန်၊ နေထိုင်ခွန် အစရှိသော အခွန်အခများကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ၎င်းအာမခံများ အခွန်အခများကို လုပ်ငန်းရှင်များမှ ဝန်ထမ်းများကိုယ်စား လုပ်ခလစာမှ ခုနှိမ်ပြီး ပေးဆောင်ပေးလေ့ရှိပါသည်။ အာမခံများ အခွန်အခများကို ဝန်ထမ်းနှင့် လုပ်ငန်းရှင်များက တစ်ဝက်စီကျခံရလေ့ရှိပါသည်။ ထိုအာမခံများ အခွန်အခများသည် မိမိရရှိသော ဝင်ငွေ အပေါ်တွင်မူတည်ပြီး တွက်ချက်ပေးဆောင်ရခြင်းဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး တူညီမည်မဟုတ်ပါ။ လစာအပေါ်မူတည်ပြီး တစ်လလျှင် ယန်း သုံးထောင်ခန့်မှ သုံးသောင်းခန့်အထိ ကျသင့်လေ့ရှိပါသည်။ နေထိုင်ရန်အတွက် တိုက်ခန်း၊ ကွန်ဒို အစရှိသဖြင့် အမျိုးမျိုးရှိကာ ပျမ်းမျှအားဖြင့် အိမ်လခသည် တစ်လကို ယန်းသုံးသောင်း ခန့်မှ တစ်သိန်းခန့်အထိ ရှိပါသည်။ မိမိသည် မည်သို့ နေထိုင်လိုသည့်အပေါ်တွင် မူတည်ပြီး အိမ်လခသည်လည်း ကွာခြားသွားမည်ဖြစ်ပါသည်။ ရေဖိုး၊ မီးဖိုး အစရှိသည့် စားသောက်စရိတ်သည်လည်း အခြေခံအားဖြင့် တစ်လလျှင် ယန်း သုံးသောင်းခန့်မှ ငါးသောင်းခန့်အထိ မိမိ၏စားသောက်မှုပုံစံ
အပေါ်တွင် မူတည်ပြီး ကုန်ကျနိုင်ပါသည်။ မိမိလုပ်ကိုင်သော လုပ်ငန်းနှင့် မိမိအသုံးစရိတ်အပေါ်တွင် မူတည်သော်လည်း များသောအားဖြင့် အပိုစုဆောင်းငွေ အဖြစ် ယန်းတစ်သိန်း (မြန်မာငွေ ၁ဝသိန်း) ခန့် စုဆောင်း မိသောသူများပါသည်။ ထိုစုဆောင်းရရှိငွေများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ကြသူများပြီး ယခုအခါ မြန်မာနိုင်ငံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် ငွေလွှဲခြင်းများကိုလည်း လုပ်ဆောင်နိုင်နေပြီဖြစ်ပါသည်။ ထိုသို့ မြန်မာ နိုင်ငံတွင်ရှိသော မိဘများကို ငွေကြေးပို့ဆောင်ထောက်ပံ့ပေးခြင်းဖြင့် ဂျပန်နိုင်ငံတွင်း အခွန်ကင်းလွတ်ခွင့်များလည်း ရရှိနိုင်ပါသည်။
နိဂုံးချုပ်
မြန်မာ IT လူငယ်ပညာရှင်များကို စောင့်မျှော်နေသော ဂျပန်နိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ပြီး နိုင်ငံတကာ အတွေ့အကြုံများကိုရယူကာ နောင်အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်သော နိုင်ငံတကာ အတွေ့အကြုံ ရှိ နည်းပညာရှင်၊ အတတ်ပညာရှင်များဖြစ်နိုင်ရန် ကြိုးစားအားထုတ်ရမည်မှာ လူငယ်များကိုယ်တိုင်ပင်ဖြစ်ပါသည်။ ယနေ့ခေတ်အခါသည် အခွင့်အလမ်းများ ပေါများပြီး ထိုအခွင့်အလမ်းများကို လက်ဝယ်ရယူနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရမည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်ပါသည်။
(စာရေးသူသည် ဂျပန်နိုင်ငံဆိုင်ရာ IT လုပ်ငန်းများ တွင် ၂ဝဝ၈ ခုနှစ်မှစတင်ကာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ယခုအခါ ဂျပန်နိုင်ငံရှိ IT & Consulting Company လုပ်ငန်းတစ်ခုဖြစ်သော Global Innovation Consulting Inc. တွင် General Manager အဖြစ် တာဝန်ထမ်းဆောင်နေသောသူတစ်ဦး ဖြစ်ပါသည်။ Global Innovation Consulting Inc. လုပ်ငန်းသည် စင်ကာပူ၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဂျပန်တွင် လုပ်ငန်းခွဲများ ရှိပြီး ဝန်ထမ်းဦးရေ ၁၇ဝ ခန့်ရှိပါသည်။ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား IT ပညာရှင် ၈၇ ဦးအလုပ်လုပ်ကိုင်နေပြီး ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား IT ပညာရှင်လူငယ်များကို အမြဲတမ်းဝန်ထမ်းအဖြစ် အများဆုံး အလုပ်ခန့်အပ်ထားသော လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ စာရေးသူသည် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ မြန်မာနိုင်ငံတွင် Offshore Software Development လုပ်ငန်းများကို Programmer အဆင့်မှစတင်ကာ Manager အဆင့် အထိ လုပ်ကိုင်ခဲ့ပါသည်။ Offshore လုပ်ငန်းလုပ်ကိုင်ချိန်တွင် မြန်မာနိုင်ငံသားITပညာရှင် ဝန်ထမ်းဦးရေ ၂ဝဝ ခန့်ဖြင့် အတူတူ ဂျပန်လူမျိုး IT ပညာရှင်များဖြင့်အတူတူ ပူးတွဲလုပ်ဆောင်ခဲ့ပါသည်။ ဂျပန်နိုင်ငံ ဘဏ်လုပ်ငန်းစနစ်များ၊ အရောင်းအဝယ်စနစ်များ၊ အင်တာနက် လူမှုကွန်ရက်စနစ်များ စသည်တို့ကို တည်ဆောက်ပြုပြင်ရာတွင် အဓိက တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ် တွင် လက်ရှိအလုပ်လုပ်ကိုင်နေသော လုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် Business Intelligence စနစ်ကို လုပ်ဆောင်သော လုပ်ငန်းများနှင့် ပူးပေါင်းကာ ၃နှစ်ခန့် System Engineer/Manager တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝ၁၅ ခုနှစ်မှစတင်ကာ General Manager တစ်ဦးအဖြစ် Oversea Strategy Division ကို တာဝန်ယူကာ လုပ်ငန်းခွဲများရှိသော မြန်မာနိုင်ငံအပါအဝင် ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသောနိုင်ငံများသို့ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုသော ဂျပန်လုပ်ငန်းရှင်များကို အကူအညီပေးသောအလုပ်ကို တာဝန်ထမ်းဆောင်နေပါသည်။ အထူးသဖြင့် ဂျပန်ITလုပ်ငန်းရှင်များအား မြန်မာ IT လူငယ်ပညာရှင်များ၏ စွမ်းဆောင်ရည်များကို မိတ်ဆက်ပေးပြီး ဂျပန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပိုမိုသွားရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သော မြန်မာ IT လူငယ် ပညာရှင်များ ပိုမိုများပြားလာစေရန်လည်း လုပ်ဆောင်နေပါသည်။ ၂၀၂၀ ခုနှစ်မှ စတင်ကာ Company Director တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ )


Leave a Reply