ဒါကာမြို့ကို ရောက်ခဲ့တုန်းက (၂)

2016 May 24

Good morning! 

Let’s have tasty local breakfast@Dhaka

ဒါကာက ဂျပန်စံတော်ချိန်နဲ့ ၃ နာရီနောက်ကျပါတယ်။ အစောကြီးနိုးနေတော့ လိုက်ကာဖွင့်ကြည့်မိပါတယ်။ ပတ်ပတ်လည်မှာ တိုက်အမြင့်တွေတွေ့ရပါတယ်။ ဆောက်လက်စ တိုက်ကြီးတွေလည်း တွေ့ရပါတယ်။ မူဆလင်ဘုရားကျောင်းတခုကိုလည်း မြင်ရပါတယ်။ ပုဂ္ဂလိက တက္ကသိုလ်တခုရဲ့ နာမည်ကို တိုက်ခေါင်မိုးမှာ ချိတ်ထားတာလည်း တွေ့ရပါတယ်။ 



ဟိုတယ် ဘေးက တိုက်ခေါင်မိုးပေါ်မှာ ဂိုထောင် အသေးလေးရှိပြီး အကီ်ျ ၤ ဘောင်ဘီတွေ လှမ်းထားပါတယ်။ အဝတ်တန်း ဘေးမှာ ယောက်ျားတယောက်က အပေါ် အကျီ ၤမပါ ပုဆိုးဝတ်ထားပါတယ်။ သူက ထိုင်ခုံရှည်ပေါ်ခွထိုင်ထားပြီး ကြက်သွန်လို့ ထင်ရတာကို လှီးနေပါတယ်။ ထိုင်ခုံရှည်ရဲ့ ခြေထောက် သုံးခုမှာ တခုက ကျိုးနေလို့ ထင်ပါတယ်၊ ပလစတစ် ဆေးပုံးကို အောက်မှာခုထားပါတယ်။ တိုက်ခေါင်မိုးဟာလည်း ရေငြှိစွဲကပ်ထားတဲ့ အရောင်ဖြစ်နေပါတယ်။ 


ဟိုတယ်ကနေ မနက်စာစားဖို့ ထွက်ခဲ့ပြီး၊ လမ်းနည်းနည်းလျောက်ပြီး ဆိုင်တွေမြင် တွေတဲ့ လမ်းထဲဝင်ကြည့်ပါတယ်။ လက်ဖက်ရည်ဆိုင်လို ဆိုင်ရှေ့မှာ ဆိုင်ဝင်ထမ်း ထင်ပါတယ် စကားတွေပြောပြီး ဆိုင်ကို လက်ညှိုးထိုးပြတယ်။ ထင်တာကတော့ လာပါ စားပါ မနက်စာ အစုံရတယ်လို့ ပြောတယ်ထင်ပါတယ်။ ဘင်ဂါလီစကားနဲ့ပြောတာလား မသိပေမယ့် နားမလည်တော့ ခန့်မှန်းယူရတာပေါ့။ အင်္ဂလိပ်လိုမေးတော့လည်း ပြန်မဖြေတတ် နားမလည်ဘူး ထင်ပါတယ်။ 


အခြားဆိုင်လည်း ကြည့်ချင်တာနဲ့ ရှေ့ဆက်လျောက်ပြီး ကြည့်ဖြစ်ပါတယ်။ မြန်မာက လက်ဖက်ရည်ဆိုင်တွေလို ဆိုင်ရှေ့မှာ ဆမူဆာ လုပ်နေတာလည်း တွေ့ခဲ့ရတယ်။ လမ်းအဆုံးမှာက လှည်းတန်းဈေးလိုမျိုး ဈေးရုံကြီးရှိပြီး မနက်ခင်း ဆိုင်ခင်းဖို့ လာသူတွေနဲ့ စည်နေတယ်။ ဒါနဲ့ ပြန်လည့်ပြီး ခုနက လူထွက်ခေါ်တဲ့ ဆိုင်ကိုပြန်သွားပြီး ဝင်ခဲ့ပါတယ်။ သူများစားတာတွေကြည့်ပြီး ချပါတီနဲ့ ဟင်းနဲ့စားနေတဲ့ ဘေးဝိုင်းကို လက်ညိုးထိုးပြီး အဲ့လိုမျိုးလို့ ပြောလိုက်ပါတယ်။ ဆမူဆာလည်း စားချင်ပေမယ့် မကြော်သေးဘူးပြောပါတယ်။ ဘာသာစကား နားမလည်ပေမယ့် နားလည်အောင် ပြောဆိုရတာပါပဲ။ ဒီလိုနဲ့ ချပါတီနဲ့ ဆိတ်သားဟင်းစားပြီး ရေသန့်တလုံးမှာ သောက်ခဲ့ပါတယ်။ 


ဆိုင်အပြင်အဆင်က ရန်ကုန်က ဆိုင်တွေအတိုင်းပါပဲ။ ဟင်းပွဲ ပြင်ဆင်ပုံလည်း အတူတူပါပဲ။ ရန်ကုန်က ဒါန်ပေါက်ဆိုင်တွေ ချစ်တီးထမင်းဆိုင်တွေလိုပဲ လက်ဆေးတဲ့ နေရာ ကျယ်ကျယ်လည်းရှိတယ်။ ဒေသခံတွေက လက်ဆေးပြီး လက်နဲ့စားကြတယ်။ ကိုယ်တွေကိုတော့ နိုင်ငံခြားသားဆိုပြီး ဇွန်းခရင်း ချပေးတယ်။ ဒေသခံ တွေက အသားဟင်းမဟုတ်ဘဲ ပဲကြီးဟင်းလို ဟင်းမျိုးနဲ့ ချပါတီကို တို့ပြီး စားကြတယ်။ အဝစားလိုက်တာ တောင် မြန်မာငွေ ၂၀၀၀ ကျပ် လောက်ပဲကျတယ်။ ဆိတ်သားဟင်းနဲ့ ချပါတီ သုံးချပ်လောက်ရှိမယ်ထင်တယ်။ တန်ပါတယ်လေ။

 

2016 Dec 5 

စားပြီး တနေ့တာ လေ့လာရေး ခရီးမထွက်ခင် ဟိုတယ်ခဏပြန်ခဲ့ပါတယ်။ နီရဲနေတဲ့ စိန်ပန်းပင်ကြီးလည်း တွေ့ရတယ်။ လမ်းမှာ ကျောင်းသွားကြတဲ့ ကလေးတွေ ကျောပိုးအိပ်ကိုယ်စီနဲ့ လမ်းလျောက်သွားတာတွေ့ရတယ်။ လူငယ်အချို့က ပလက်ဖောင်းမှာ ထိုင်ခုံချထိုင်ပြီး စကားပြောနေကြတယ်။ လန်ချားမောင်းနေသူတွေလည်း တွေ့ရတယ်။ လမ်းဘေးမှာ မသိမ်းသေးတာလား အမှိုက်တွေလည်း တွေ့ရတယ်။ မညီမညာ ကပ်ထားတဲ့ ကြေငြာစာရွက်တွေ၊ အရောင်နွမ်းနေတဲ့ ဆိုင်ဆိုင်းဘုတ်တွေ လည်းတွေ့ရတယ်။ လမ်းပေါ်က မြောင်း အဖုံးကို ဖုံးထားတဲ့ ကွန်ကရစ် အတုံးကြီးတွေလည်း တွေ့ရတယ်။ ဒါကာမြို့နဲ့ ရန်ကုန်မြို့ တူညီတာတွေ အတော်များတာပဲ။ ဟိုတယ်မှာ ဒီနေ့ လိုက်ပို့မယ့် ဒေသခံ ကိုစောင့်ရင်း ခဏနားပါတယ်။ ဒီနေ့ သွားမယ့် အစီအစဉ်က ဂျပန်စာသင်ကျောင်း၊ JETRO၊ ဂျပန်သံရုံး၊ ဒါကာ နည်းပညာတက္ကသိုလ်၊ ဒါကာ တက္ကသိုလ်၊ ဒေသခံ IT ကုမ္ပဏီ ၂ ခု ကို သွားရောက် လေ့လာပါမယ်။
ကောင်းမြတ်ထွန်း

Posted in Uncategorized

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading