ဒီနေ့မနက် မနက်စာကို အိမ်မှာ ပန်ကိတ် လုပ်စားဖြစ်ပါတယ်။


ပန်ကိတ်လုပ်ဖို့ ကြက်ဥကုန်နေတော့ လမ်းထိပ်မှာရှိတဲ့ ၂၄ နာရီ ဖွင့် ကုန်စုံဆိုင် ( Convenient Store) သွားပြီး ကြက်ဥ ဝယ်ပါတယ်။ ဆိုင်ဝန်ထမ်းက ဂျပန်မဟုတ်တဲ့ အာရှသား တယောက်ပါ။ ဂျပန်မှာ ဒီလိုမျိုး ၂၄ နာရီ ဖွင့်တဲ့ ကုန်စုံဆိုင်တွေက ရပ်ကွက်တိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် တိုကျိုလို မြို့ကြီးတွေမှာပါ။
စီးပွားရေးဖွံ့ဖြိုး လာမှုနဲ့အတူ ၂၄ နာရီ အလုပ်လုပ်တဲ့ မြို့အဖြစ် တိုကျိုမြို့ကြီးက ပြောင်းလဲခဲ့ပါတယ်။ ကုန်စုံဆိုင်တွေတင် မကပဲ စားသောက်ဆိုင်တွေ ကုန်တိုက်တွေ လည်း ၂၄ နာရီ ဖွင့်တဲ့ဆိုင်တွေ ရှိပါတယ်။
လူဦးရေ နည်းပါးလာမှုနဲ့အတူတူ ၂၄ နာရီ လုပ်ငန်းတွေမှာ လုပ်သား ရှားပါးမှုဖြစ်လာပါတယ်။ ၂၄ နာရီ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲများ ရှိလာပြီး အချို့ လုပ်ငန်းတွေက ၂၄ နာရီ ဝန်ဆောင်မှုကို ရပ်နားဖို့ ပြင်ဆင်နေကြပါပြီ။
၂၄ နာရီ ဝန်ဆောင်မှုက စားသုံးသူတွေအတွက် စိတ်ကျေနပ် သက်တောင့်သက်သာရှိစေပါတယ်။ တဖက်မှာလည်း အလုပ်ချိန် ကြာရှည်မှု ပြဿနာများလည်း ဖြစ်စေပါတယ်။ ၂၄ နာရီ လုပ်ငန်းတွေက ဝယ်ယူသူ နည်းပါးတဲ့ ညနက်ချိန် တာဝန်ကို လုပ်သား တဦးတည်းကို တာဝန်ပေးတာတွေရှိပြီး၊ အလုပ်ဝန်ပိမှုများလည်း ရှိလာပါတယ်။
၂၄ နာရီ ဝန်ဆောင်မှု ကျင့်သားရလာမှုနဲ့အတူ စားသုံးသူတွေရဲ့ တောင်းဆိုမှုကလည်း တင်းကျပ်လာပါတယ်။ ထုတ်ကုန်တခုကို မနက်ဖြန် မနက် လိုချင်တယ် ဆိုတာမျိုးကို ညနေပိုင်းမှာ အေးအေးဆေးဆေး ပြောတတ်တဲ့ အကျင့်တွေ ဖြစ်လာပါတယ်။ အဲ့ဒီလိုနဲ့ ညလုံးပေါက် အလုပ်လုပ်ရတာတွေ ရှိလာပါတယ်။ အလုပ်ချိန် ရှည်ကြာမှုပြဿနာတွေ ဖြစ်လာပါတယ်။ ရှေ့လကဆိုရင် ဒန်းဆူးလို့ခေါ်တယ့် နာမည်ကြီး လုပ်ငန်းစုကြီးတခုက ဝန်ထမ်းသစ် အမျိုးသမီးလေး တဦးဟာ အလုပ်ချိန် ရှည်ကြာမှုနဲ့အတူ စိတ်ဖိစီးမှုများလာပြီး မိမိကိုယ်ကို သတ်သေသွားပါတယ်။
အကျိုး အကောင်း အဆိုးတွေဆိုတာ ဒွန်တွဲနေတတ်တဲ့ သဘောရှိပြီး၊ ထိုထိုသော အကြောင်း အကျိုးတွေကို လေ့လာပြီး ကောင်းမွန်တဲ့ စနစ်တွေကို လူ့ဘောင်လောက အတွက် စဉ်ဆက်မပျက် တည်ဆောက် ပြုပြင်ရန်မှာ အရေးကြီးဆုံးပင် ဖြစ်ပါတယ်။
ကောင်းမြတ်ထွန်း
2016 Dec 4