ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ နေ့လည်စာကို အိမ်မှာ အတူတူစားဖြစ်တယ်။
ရန်ကုန်ကနေရောက်နေတဲ့ အမေက ရန်ကုန်က ဈေးနှုန်းတွေ သိတော့ ဂျပန်မှာ အသားငါးတွေ ဈေးဝယ်ရတာ သက်သာကြောင်း လတ်ဆတ်ကြောင်း ပြောပါတယ်။
အသီးအနှံတွေလည်း ကုန်တိုက်မှာမဝယ်ပဲ အသီးအနှံသီးသန့်ရောင်းတဲ့ အိမ်နားက ကမဲအိဒို ဈေးမှာသွားဝယ်ရင် အတော်လေးကို သက်သာပါတယ်။ တခါတလေ တချို့ဆိုရင် မြန်မာမှာထက် သက်သာနေတတ်တယ်။
ဂျပန်နိုင်ငံက စိုက်ပျိုးရေးလည်း လုပ်တော့ နိုင်ငံတွင်းမှာလည်း စားသောက်ကုန်ပေါများပါတယ်။ တချို့ အသီးအနှံတွေက တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘရာဇီး၊ အမေရိက စတဲ့နိုင်ငံတွေကနေ တင်သွင်းလေ့ရှိပါတယ်။ သွင်းကုန် အသီးအနှံတွေက နိုင်ငံတွင်းစိုက်ပျိုးတာထက် ဈေးသက်သက်သာသာ သွင်းပြီး ရောင်းချနိုင်ပါတယ်။
အခုနာမည် ကြီးနေတဲ့ ပစိဖိတ်နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီမှုTPP (Trans-Pacific Partnership) သာ အသက်ဝင်လာမယ်ဆိုရင် အခွန်အခတွေဈေးသက်သာပြီး သွင်းကုန်တွေ ပိုမို ဈေးသက်သာစွာ ဝယ်ယူလာနိုင်မှာပါ။ ဂျပန် အတိုက်အခံများကတော့ TPP ကိုသဘောတူ လက်မှတ်ထိုးလိုက်ရင် ဂျပန်ပြည်တွင်း ထုတ်ကုန်တွေ မယှဉ်ပြိုင်နိုင်မှာစိုးရိမ်ပြီး ကန့်ကွက်နေကြပါတယ်။ လက်ရှိ အစိုးရကတော့ ပြည်တွင်းထုတ်ကုန်တိုးမြှင့်ပြီး ဂျပန် လုပ်ငန်းရှင်များ နိုင်ငံရပ်ခြားကို ထုတ်ကုန်ပိုမိုတင်ပို့နိုင်ရန်ဆိုပြီး လုပ်ဆောင်နေပါတယ်။
TPP နိုင်ငံများ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများကို ထုတ်ကုန် တင်ပို့ချင်သူ၊စီးပွားရေးလုပ်ငန်း ချဲ့ချင်သူ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းရှင်များ အတွက် ဘက်ဂျက်များသက်မှတ်ကာ JETRO ကဲ့သို့သော အဖွဲ့အစည်းများက ထောက်ပံ့ကူညီပေးပါတယ်။ နိုင်ငံတွင်းလူဦးရေနည်းပါးလာပြီး ဈေးကွက်ချဲ့ရန်မဖြစ်နိုင်တော့တာကြောင့် ဂျပန် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်သူများသည် နိုင်ငံရပ်ခြားသို့ ထွက်ပြီး ဈေးကွက်ရှာရန် လိုအပ်လာပါတယ်။ ဂျပန်လုပ်ငန်းများရဲ့ ၉၀% ကျော်က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ဖြစ်တာကြောင့် စီးပွားရေးပြန်လည် ဦးမော့လာရန်နှင့် ဆက်လက်ရပ်တည် တိုးတက်လာစေရန်မှာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ရန်သာရှိပါတယ်။
မြန်မာနိုင်ငံသည်လည်း တိုးတက်မှုရရန်ကြိုးစားနေသော နိုင်ငံဖြစ်ပြီး၊ နိုင်ငံတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များလည်း တချိန်ချိန်မှာ ပြည်တွင်းဈေးကွက် တခုတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယိ။ ယခုအချိန်တည်းက ကမ္ဘာ့ဈေးကွက်အထိ ရည်မှန်းပြီး၊ အသင့်ပြင်ဆင်ထားကာ အခွင့်ရသည်နှင့် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်သင့်ပါတယ်။ မိမိတို့ရဲ့ ပြိုင်ဖက်က နိုင်ငံသားလုပ်ငန်းရှင်များ မဟုတ်ဘဲ အခြားနိုင်ငံများမှ လုပ်ငန်းရှင်များနဲ့ ရင်ဘောင်တန်း လုပ်ဆောင်နိုင်မှသာ ကမ္ဘာ့ဈေးကွက်တွင် ရပ်တည် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ကောင်းမြတ်ထွန်း
2016 Dec 3





