မီးတောက် မီးလျှံဆိုတာ ရေနဲ့ ငြိမ်းမှ ငြိမ်းတတ်ပါတယ်။
ဒီလိုပဲ လူသားတွေရဲ့ လောဘ ဒေါသ မောဟမီး ကလည်း တရားရေ နဲ့ မှ ပြေပျောက်နိုင်ပါတယ်။
မီးတောက် မီးလျှံကို ရေဖြန်းပြီး ငြိမ်းတဲ့ အခါ ရေကို ငြိမ်းတဲ့ အထိဖြန်းရပါတယ်။
မီးတောက်များလေလေ ရေများများလိုလေ မီးစာများလေလေ ရေနစ်အောင်လောင်းရလေပါပဲ။
မီးကများများ ရေကနည်းနည်းဆိုရင်တော့ ဘယ်မှာ မီးက ငြိမ်းမည်နည်း။
မီးကများများ ရေတစ်ပေါက်က ဘယ်မှာ အပူမီး ပျောက်မှာနည်း။
မီးကများများ ရေမနိုင်တော့ တောက်လောင်မြဲ တောက်လောင်မှာပါပဲ။
မီးများလာရင် အပူမီးဆိုတာ ကူးတတ်တဲ့ သဘောရှိပါတယ်။
လောင်စာရှိသလောက် လောင်မြှိုက်နေမှာ မီးရဲ့သဘောပါပဲ။
လောင်နေမယ် တောက်နေမယ် ရှေ့ဆက်ပြီးတော့ပေါ့။
ရေဆိုတာမျိုးက စီးဆင်းတတ်တဲ့ သဘောရှိပါတယ်။
ရေများပြီဆိုရင် မြင့်ရာက နိမ့်ရာကို မျှဝေတတ်တဲံ သဘောပါပဲ။
စီးနေမယ် မျှဝေနေမယ် ရှေ့ဆက်ပြီးတော့ပေါ့။
မီးများ မီးနိုင် ရေများ ရေနိုင် ဘယ်တစ်ခုကို အနိုင်ပေးမှာလဲ။
ဆုံးဖြတ်ရမှာ ကိုယ်ကိုယ်တိုင်ပါလေ။
ရေးသားသူ။ ။ ကောင်းမြတ်ထွန်း