နိုင်ငံတကာ အမျိုးသမီးများနေ့

မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုတာကို သိတဲ့ မြန်မာနိုင်ငံကလူတွေ အများကြီးရှိမယ် မထင်ပါဘူး။ မြန်မာနိုင်ငံမှာက သီးသန့် မြန်မာအမျိုးသမီးနေ့ ဆိုပြီး သက်မှတ်ထားတာကြောင့်လည်း ပါမယ် ထင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကဆိုတော့ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို အသိအမှတ်ပြု ဂုဏ်ပြုသင့်ပါတယ်။

ယနေ့ မြန်မာ နိုင်ငံမှာတင်မက ကမ္ဘာမှာပါ အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရေးကို ကြိုးပမ်းဆောင်ရွက်နေကြပေမယ့် အချို့နေရာတွေမှာ အမျိုးသမီးတွေဟာ သာတူညီမျှ အခွင့်အရေး မရနိုင်ကြသေးပါဘူး။ မရယူနိုင်ကြသေးပါဘူး။

အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအကြောင်းစဉ်းစားမိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အမျိုးသမီးတွေကို ရှေးရိုးအယူအဆတွေက ချုပ်ကိုင်ထားသလို ဖြစ်နေပြီး သာတူညီမျှ အခွင့်အရေး မရနိုင်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်မိတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကိုယ်က ဒီ အခွင့်အရေးကို မလိုချင်ကြတာလား လို့ စဉ်းစားမိပါတယ်။

ဒီနေရာမှာ အမျိုးသမီးတွေအားလုံးကို မဆိုလိုပဲ အချို့အမျိုးသမီးတွေကတော့ အမျိုးသားတွေနှင့် ရင်ဘောင်တန်းနိုင် ကြိုးစားနိုင်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီး အတော်များများက တော့ အမျိုးသားတွေနဲ့ သာတူညီမျှဖြစ်ရေး၊ ကျားမခွဲခြား မဆက်ဆံရေး ဆိုတာတွေက မဖြစ်နိုင်သေးဘူး၊ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့ သူတွေကများပါတယ်။

ဒီလို ပြောကြတဲ့ အခါမှာ အချို့ကတော့ မိန်းကလေးဆိုတာ ပတ်ဝန်းကျင်ကို ဂရုစိုက်ရတယ်၊ မိန်းကလေးတစ်ယောက် အပြုအမူမှားရင် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့တာကို ခံရတယ်၊ ဒါကြောင့် ကျားမ တန်းတူ အခွင့်အရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြတဲ့ သူတွေလည်းရှိပါတယ်။ သူတို့ ပေးတဲ့ ဥပမာ တစ်ခုက မိန်းကလေး တစ်ယောက်က သူချစ်တဲ့ သူကို ချစ်ပါတယ် လို့ ပြောလို့ မရဘူး၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မယ် လို့ ပြောပါတယ်။

ဒါပေမယ့် တန်းတူ အခွင့် အရေးကို စဉ်းစားရင် ဒီလို ကျင်းမြောင်းတဲ့ ရှုထောင့်တစ်မျိုးတည်းကနေ ကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ တချို့ရှုထောင့်တွေဟာ ကျားမကွဲနေတဲ့ အတွက်ကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်တာ၊ စသဖြင့် ကျားမ သဘာဝကွဲပြား ခြားနားချက်တွေကတော့ အများကြီး ရှိတာပါပဲ။

ဒါပေမယ့် အချို့ အချက်တွေကတော့ ပြုပြင်ပြောင်းလဲယူလို့ ရနိုင်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲ မှုတွေကလည်း အမျိုးသမီးတွေ ကိုယ်တိုင်က လုပ်ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကျားမတန်းတူ မခွဲခြားရေးတွေ ကြွေးကျော်နေလဲ အမျိုးသမီးထုကြီးကသာ ကြိုးစား မလုပ်ယူရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီနေ့ မြန်မာ အမျိုးသမီးတွေဟာ အရမ်းကို ကြိုးစားပါတယ်။ ဒီနေ့ အလုပ်လုပ်နေတဲ့ ပညာတတ် အသိုင်းအဝိုင်းမှာ ဆိုရင် အမျိုးသမီးတွေဟာ အတော်ကို များပါတယ်။ ဟိုးအရင်တုန်းက လုပ်အားနဲ့ ခွန်အားကို အလေးပေးတဲ့ လုပ်ငန်းတွေများခဲ့တဲ့ အချိန်အခါတုန်းကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ဘယ်လိုမှ လိုက်မှီလို့ မရခဲ့ပေမယ့်။ ဒီနေ့ခေတ် အသိပညာခေတ်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတူ အလုပ်လုပ်နိုင်လာပါပြီ။ အသိပညာ အဓိက စီးပွားရေးလုပ်ငန်းတွေမှာ အချို့အမျိုးသမီးတွေဆိုရင် ခေါင်းဆောင်ပိုင်းနေရာတွေမှာတောင် ဦးစီးပြီး လုပ်ကိုင်နိုင်နေကြပါပြီ။ ဒါ့ကြောင့် ဖြစ်နိုင်ပါတယ်လို့ ပြောတာပါ။

ဒါကြောင့် နောက်ဆုံးစဉ်းစားလို့ ရတာကတော့ အမျိုးသမီးများ ကျားမခွဲခြားမှုကို တိုက်ဖျက်ချင်ရင် အမျိုးသမီးများ တစ်ဦးချင်းစီမှာ တာဝန်ရှိပြီး တစ်ဦးချင်းစီက တာဝန်ယူ ကျော်လွှားရမှာပဲ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် ဒီသုံးသပ်ချက်က အမျိုးသမီးထုမှာတင် မဟုတ်ပါဘူး။ ကျားမမရွေး ကိုယ့်ရဲ့ လမ်းကို ကိုယ်ကိုတိုင် တာဝန်ယူ ဖောက်လုပ်ရမှာ ဖြစ်လို့ ကိုယ်ဖောက်တဲ့ လမ်းကို ကိုယ်ကိုတိုင် ရွေးချယ်ပြီး ကိုယ်ဖောက်တဲ့ လမ်းကို ကိုယ်လျှောက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာ အမျိုးသမီးသမီးများနေ့မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ကြိုးစားကြပါလို့ အားပေးစကား ပြောကြားရင်းနဲ့ အမျိုးသမီးများနေ့မှာ ကြိုးစားနေကြတဲ့ မြန်မာအမျိုးသမီးများကို ဂုဏ်ပြုအပ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မြန်မာ အမျိုးသမီးတွေဟာ ကြိုးစားနေကြပါတယ် ဆိုတာ မယုံနိုင်စရာ လုံးဝမရှိပါဘူး ဆိုတာပါပဲ။

ပြီးတော့ ကျိတ်ကျိတ်ပြီး တောင်းတဲ့ ဆုတွေလည်း ပြည့်ကြပါစေပေါ့။

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading