ဆူးပင်မှာပွင့်သော ပန်း

သူ့ကို မြင်မြင်ခြင်း ချစ်မိသည်တော့ မဟုတ်ပေမယ့်၊ သူ့ရဲ့ ရိုးသားဖြူစင်တဲ့ မျက်လုံးများကို သဘောကျမိသည်။ ရင်နာစရာ အတိတ်အကြောင်းတွေရှိတော့ စိုးထိတ်မှုအချို့က ရှိနေမိသည်။ တည်ကြည်သော သူ့ဟန်ပန်က သေချာမကြည့်မိလျှင် ဒေါသထွက်နေသော မျက်နှာဟန်ပန်ဖြစ်ပေမယ့် အသေအချာကြည့်မိသော ကျွန်မအတွက်တော့ တည်ငြိမ် အေးချမ်းမှုကို သူ့မျက်လုံးတွင် တွေ့ရသည်။ ကျွန်မဘာကြောင့် သူ့မျက်ဝန်းကို ကြည့်မိနေမိသလဲဆိုတာ ကျွန်မကိုယ်တိုင် အသေအချာ မသိသည်ကတော့ အမှန်ပင်။ မေမေကပြောခဲ့ဖူးသည့် ယောက်ျားလေးများ မျက်လုံးကို မကြည့်မိစေနဲ့နော် သမီး ဆိုသော မှာကြားချက်ကို ကျွန်မမေ့လျော့နေမိသည်။

သူ့အလုပ်ကို သူအာရုံစိုက်လေ့ရှိသော သူသည်ကျွန်မသူ့ကို ကြည့်မိနေသော အကြည့်များအား သတိပင် ထားမိပါလေသလား။ ကျွန်မကိုယ် ကျွန်မ မေးမိသော စကားလုံးများစွာက ညစဉ်ရက်ဆက် ပြောင်းလဲသွားခဲ့သည်။ သူ၏ စကားပြောသော ပုံစံအနေအထားကို ပထမဆုံးမြင်တုန်းက ဘာရယ်မဟုတ် သေချာနားထောင်တတ်သော ကျွန်မ သေချာနားထောင်နေမိသည်။ သူ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသော ဟန်ပန်သည် မျက်နှာထားတည်သောကြောင့် မာနကြီးသူဟုမြင်ကြသူများ ရှိကြလေသည်။ သို့သော်လည်း ကျွန်မကပဲ အကောင်းမြင်တတ်နေသလားမသိ သူ၏ စကားလုံး တစ်လုံးတိုင်းကို မှတ်မိနေမိသည်။ ဒါပေမယ့် အလွတ်ကျက်ထားသည်တော့ မဟုတ်။

ကျွန်မရင်ကို လှုပ်ခတ်စေသည်မှာ သူ၏ အပြုံးပင်ဖြစ်သည်ဟုပြောရလျှင် ပိုမည်မဟုတ်ပေ။ သူ၏ ဖြူစင်စွာ ပြုံးတတ်သော နှုပ်ခမ်းအစုံသည် ကျယ်ပြန်သော ကောင်းကင်က တိမ်တိုက် ကင်းစင်သော လမင်းတစ်စင်းကို ကြည့်နေရသလို သာယာလှပနေသည်။ ဟန်ဆောင်မှုကင်းတဲ့ သူ့အပြုံးများကို လူတိုင်း ခင်မင်မိမည်ဖြစ်သော်လည်း ကျွန်မအတွက်တော့ ရင်ခုံမိသည်။ နေ့သစ်များစွာ ဖြတ်သန်းသွားမိသည်။

နှစ်သစ်တစ်ခု ကူးပြောင်းတော့မည်။ သူ့ကို ကျွန်မ မုန်းသည်။ အဲ့ဒီစကားတစ်ခွန်းပြောဖို့ ကျွန်မ အတော်ပင် ကြိုးစားခဲ့ရသည်။ ဒါပေမယ့် သူ့ကို ချစ်တယ်ပြောခဲ့တုန်းက ရှက်ပြီး ပျော်ရွှင်နေသော ခံစားချက်က အခုတော့ ဝမ်းနည်းပြီး တုန်လှုပ်နေမိသည်။ ဒါပေမယ့် ကျွန်မ သူ့ကို မချစ်ဘူးဟု ပြောလိုက်သည်။ သူငိုနေမည်ကိုသိသော်လည်း အချိန်တွေက ကုစားပေးသွားမှာပါဟု ပြောခဲ့သည်။ ရင်ထဲတွင် နာကျင်နေသော်လည်း ပြောခဲ့မိသည်။ အိမ်ရှေ့က မြက်ခင်းလေးထဲက စူးပင်များနှင့်ပွင့်သော ပန်းပင်များကို ငေးကြည့်နေမိသည်။ ဒါပေမယ့် နှင်းဆီပန်းတော့ မဟုတ်ပါ။ ယုယစွာ ထွေးပွေ့ထားချင်ပေမယ့် ပန်းအိုးထဲမှာပဲ ထားရတာ ဆူးပင်မှာပွင့်သော ပန်းတို့ရဲ့ သဘာဝပဲလေ။

မှင်စက်@Yokohama

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading