မည်သည့်အခါမျှ သင့်အထက်အရာရှိကို မပြောသင့်သော အကြောင်းအရာ (၇)ခု

I just read this post from a_lin_say_ta_mum and like it and copy it to my site. enjoy it.
http://groups.google.com/group/a_lin_say_ta_mum/browse_thread/thread/4fa1a528506eb0a9#

1.“ဒီဟာက ကျွန်တော့်နဲ့ ဆိုင်တဲ့အလုပ်မဟုတ်ဘူး။”
ဤစကားကို မိမိ၏ အထက်အရာရှိအား မည်သည့်အခါမျှ မပြောသင့်ပေ။ မည်သည့် အလုပ်တွင်မဆို မိမိနှင့် မသက်ဆိုင်သော်လည်း အခြေအနေ၊ အချိန်အခါ လိုအပ်ချက်အရ လုပ်ကြရသည်များရှိသည်။ ထိုသို့ တာဝန်ပေးအပ်လာသည်ကို ငြင်းဆန်လျှင် မိမိကိုယ် တာဝန် မသိတတ်သူ၊ အဖွဲ့အတွက် အလေးမထားသူဟု သတ်မှတ်သွားတာကို ခံရပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် အတတ်နိုင်ဆုံး၊ စိတ်ရော ကိုယ်ပါ ဝိုင်းဝန်း လုပ်ဆောင်ရပါမည်။ မိမိ တတ်ကျွမ်းသော အရည်အချင်းနှင့် မလုပ်နိုင်သော ကိစ္စဖြစ်လျှင်မူ မည်သူက ထိုအရည်အချင်းနှင့် ပြည့်စုံသည်။ ထို့ကြောင့် ထိုသူကို တာဝန်ပေးသင့်ပြီး မိမိကလည်း လိုအပ်သည်များအားလုံးကို လိုက်ပါ လုပ်ဆောင်မည့်အကြောင်းကို အထက်မှ
တာဝန်ခံအား ဆွေးနွေးသင့်သည်။ သို့မှသာ မိမိသည် တာဝန် လက်ရှောင်လိုသူ မဟုတ်ပဲ အဖွဲ့အတွက် လိုအပ်သော အလုပ်များကို မိသားစုစိတ်ဓါတ်နှင့် ဝိုင်းဝန်းလုပ်မည့်သူဟု အသိအမှတ်ပြု ခံရပေလိမ့်မည်။

  1. “ဒီဟာက ကျွန်တော့်ပြဿနာ မဟုတ်ဘူး။”
    ဤသို့ပြောလျှင် မိမိကအလုပ်ကိုမိမိ အလုပ်ဟု သဘောမထားပဲ ကိုယ်ကျိုးအတွက်သာ လုပ်နေသူဟု သတ်မှတ်ခံရမည်မှာ အမှန်ဖြစ်သည်။ ပြဿနာကို ဝိုင်းဝန်း အဖြေရှာ၍ ရှင်းလင်းနိုင်အောင် လုပ်သင့်သည်။ သို့မှသာ လူတိုင်းက မိမိကိုယ် ထိုလုပ်ငန်း၏ မိသားစုဝင်အဖြစ်
    အသိအမှတ်ပြုပြီး တိုးတက်မှုများအတွက် အခွင့်အလမ်း ပိုပေးချင်လာစိတ် ရှိစေမည်ဖြစ်သည်။ ကိုယ်နှင့် မဆိုင်သကဲ့သို့ သတ်မှတ်သော သူများကို မည်သူမျှ ရေရှည် ဆက်ဆံလိုစိတ် မရှိကြပေ။ အားလုံး၏ ပြဿနာသည် မိမိ၏ ပြဿနာကဲ့သို့ ဝိုင်းဝန်းဖြေရှင်းသူကို အများကလည်း မည်သည့်အခါတွင်မျှ ပြစ်ပယ်လိမ့်မည် မဟုတ်ပေ။ အားလုံး၏ ပြဿနာသည် မိမိ၏ ပြဿနာလည်း ဖြစ်သည်။
  2. “ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူး။”
    ထိုသို့ ငြင်းဆိုသူများကို တာဝန်ခွဲဝေ သိတတ်စိတ် မရှိသူဟု သတ်မှတ်လေ့ ရှိကြသည်။ အသိစိတ်ဓါတ်ဖြင့် အပြစ်နှင့် ဆုံးရှုံးမှုရလာဒ်ကို ခွဲဝေ တာဝန်ခံကြခြင်းဖြင့် အားလုံးနှင့် မိမိသည် အတူတူ တာဝန်ခံတတ်သည်ကို ပြသရာ ရောက်သည်။ လက်ညှိုးထိုး အပြစ်ပုံချခြင်းထက်
    စုပေါင်း တာဝန်ယူပြီး စုပေါင်း အဖြေရှာကြခြင်းက ပို၍ ပြုပြင်ရ လွယ်စေသည်။ လုပ်ဘော်ကိုင်ဘက်များ၏ ယုံကြည်ကိုးစား စိတ်ကိုလည်း ရရှိစေမည် ဖြစ်သည်။
  3. “ကျွန်တော်ကတော့ တာဝန်များများ ပေးလို့ မရဘူး။ တချိန်မှာ တခုပဲ လုပ်နိုင်မယ်။”
    အလုပ်တွေ အများကြီး ပိနေပြီဟု ငြီးညူပြောဆိုခြင်းက သင့်အား သင့်အထက်အရာရှိက ပို၍ တာဝန်ပေးအပ်ခြင်းများ လျှော့နည်းသွားစေလိမ့်မည် မဟုတ်ပါ။ ယနေ့ခေတ်တွင် တယောက်တည်းနှင့် လုပ်ငန်းများများ လုပ်နိုင်စေလိုကြသည့် အချိန်တွင် ထိုသို့
    ပြောသောစကားသည် မိမိအား အားလုံးက အထင်သေးသွားအောင် လုပ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ အလုပ်ကို မနှစ်သက်ခြင်း၊ တာဝန်ယူလိုသော စိတ်ဓါတ်မရှိခြင်းနှင့် အလုပ်မှ လိုအပ်သည်ကို လုပ်နိုင်သော သူတယောက်ဖြစ်နိုင်မှု မရှိတို့ကို ထင်ခံရစေလိမ့်မည် ဖြစ်သည်။ ထိုသို့သော သူမျိုးကို မည်သည့် အထက်အရာရှိကမျှ ပိုမိုကြီးမားသော တာဝန်နှင့် တက်လမ်းများ ပေးလိုခြင်း မရှိကြပေ။
  4. “ကျွန်တော့အတွက် ဒီအလုပ်က အရမ်း နိမ့်လွန်းနေတယ်။”
    ကိုယ်က တကယ်လဲ အများကြီး ပိုတတ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလုပ်တခုကို လက်ခံယူထားလိုက်ပြီ ဆိုရင်တော့ အဲ့ဒီအလုပ်ထဲက ပေးအပ်လာတဲ့ တာဝန်တွေကို ကိုယ့်အရည်အချင်းထက် နိမ့်နိမ့်၊ မြင့်မြင့် လုပ်ရပါလိမ့်မယ်။ ဒီလိုဆိုရင် ကိုယ်ကိုကိုယ် အချောက်တိုက် ဘဝင်မြင့်နေတဲ့ကောင်လို့ အားလုံးက သတ်မှတ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကလည်း ကိုယ့်ကို အမြင်ကြည်လင်မှာ မဟုတ်ပါဘူး။ ဒီလိုပြောလို့ ဘယ်သူကမှ သင့်ကို ချီးကျူးမှာ မဟုတ်ပါ။ မည်မျှ နိမ့်နေသည့် အလုပ်ပင် ဖြစ်ပါစေ လုပ်ငန်းမှ
    တာဝန်ပေးလာလျှင် တာဝန်ကို တာဝန်ဟု သတ်မှတ် လုပ်ရပေလိမ့်မည်။ နိုင်ငံတကာတွင် မည်သည့်အလုပ်ကိုမျှ နိမ့်ကျသည်ဟု မသတ်မှတ်ပါ။
    အလုပ်တိုင်းသည် ဂုဏ်ရှိသည်ဟု သတ်မှတ်သည်။
  5. “ဒီအလုပ်က အရမ်းလွယ်တာပဲ၊ လူတိုင်းလုပ်လို့ ရပါတယ်။”
    ဤသို့ ပြောခြင်းကလည်း မိမိကိုယ် မည်သူမျှ အထင်ကြီး စေလိမ့်မည် မဟုတ်ပေ။ မည်သည့် တာဝန်ခံကမျှ သူတာဝန်ယူထားသော အပိုင်းတို့သည် ကလေးကစားစရာ အလုပ်များဖြစ်သည်ဟု ကြားချင် ကြလိမ့်မည်မဟုတ်ပေ။ အကယ်၍ လွယ်လွယ်ကူကူ လုပ်လိုက်နိုင်လျှင် ထိုအတွက် လွယ်လွယ်ကူကူ လုပ်လိုက်နိုင်တာကို ကျေနပ်ပါ။ ထုတ်မပြောပါနှင့်။ ပြီးသွားအောင် လုပ်ပေးနိုင်သည့်အတွက် ဝမ်းသာကြောင်းသာ ထုတ်ဖေါ်ပြောဆိုရမည်။ ခလေး အလုပ်ပင် ဖြစ်လင့်ကစား ပြီးအောင်၊ လုပ်ကို လုပ်ရမည့် တာဝန်ရှိသည်။
  6. “ဒါက ဖြစ်နိုင်တဲ့ အလုပ်မဟုတ်ဘူး။”
    မည်သည့်အခါမျှ ထိုသို့ ပြောဆိုခြင်း မပြုပါနှင့်။ ထိုသို့ ပြောဆိုခြင်းက တာဝန်ခံ၏ စိတ်ထဲတွင် မိမိက လုပ်ငန်းခွင် ထိုးဖေါက်လုပ်ရမည့် အလုပ်မျိုးကို မလုပ်တတ်သည့်သူ၊ အလုပ်၏ စိန်ခေါ်မှုကို မကြိုက် မနှစ်သက်သူအဖြစ် မြင်သွားစေနိုင်ပေသည်။ မလုပ်နိုင်ဟု ပြောမည့်အစား ဘာ့ကြောင့် လုပ်ခိုင်းသည်၊ မည်သည့် ပြဿနာများရှိသည်၊ မည်သည်များကို ဖြေရှင်းရမည်၊ မည်သို့ ရလာဒ်ကို သူမျှော်လင့်သည်နှင့် မည်သို့ ဖြေရှင်းလျှင် အကောင်းဆုံး ရလာဒ်ရရှိနိုင်သည် တို့ကိုလေ့လာပြီး ဆွေးနွေးပါ။ မည်သည့်အလုပ်ရှင်ကမျှ သင်မလုပ်နိုင်သော အရာကို အလွန်မျှော်လင့် ထားလိမ့်မည်မဟုတ်ပေ။ ခက်ခဲသော ပြဿနာကို မည်သို့ ဖြေရှင်းမည်ကို လေ့လာ စူးစမ်းဆွေးနွေး အဖြေရှာခြင်း၊
    အကြံဉာဏ် ရယူခြင်းတို့ဖြင့် မိမိ၏ စွမ်းရည်ကို ပြသနိုင်ရန် ကြိုးစားပါ။

လုပ်ငန်းခွင်အတွင်းသိထားသင့်သည်များ

တခုခု သံသယရှိစိုးရိမ်လျှင် တိတ်တိတ်နေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ စကားမကျွံပါစေနှင့်။ စကားကို သေသေချာချာ စဉ်းစားပြီးမှ မည်သို့ ပြောဆိုမည် နည်းလမ်းရွေးပြီးမှ ပြောခြင်းက အကောင်းဆုံးဖြစ်သည်။ မိမိ မဆောင်ရွက်နိုင်သော အလုပ်ကို အခြားသူများက လုပ်နိုင်မည်ဟု မမျှော်လင့်ပါနှင့်။ ကိုယ်က ရှေ့က ဦးဆောင်လုပ်ပြပြီး ကျန်သည့် သူများကိုလိုက်ပါ လုပ်ဆောင်ရန် စည်းရုံးပါ။ အမိန့်သုံး၍ လုပ်ခိုင်းခြင်းထက် နားလည်မှု၊ ဆွေးနွေးအဖြေရှာမှု၊ ပူးပေါင်း ပါဝင်စေရန်တိုက်တွန်း ဆွဲဆောင်မှုတို့နှင့် အတူတူ လုပ်လာကြစေ အောင်လုပ်ခြင်းက အကောင်းဆုံး ရလာဒ်ပေးလိမ့်မည်။

လုပ်ငန်းခွင်အတွင်း ကြောက်လန့်၍ လုပ်နေရသော ပတ်ဝန်းကျင်အဖြစ်ထက် အားလုံး ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် လုပ်နေနိုင်သော ပတ်ဝန်းကျင်မျိုး ဖန်တီးထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် မိမိသည် ပျော့ညံ့သည့်သူ ဖြစ်သည်ဟု မထင်စေရန် သတိထားပါ။ အားလုံးကို လုပ်ငန်းအတွင်း စိတ်ပါလက်ပါ လုပ်ဆောင်နိုင်ရန်နှင့် သူတို့၏ ဖန်တီး လုပ်ဆောင်မှုများအတွက် အသိအမှတ်ပြုခြင်း၊ လုပ်ငန်းမှ ဂုဏ်ပြုခံရအောင် လုပ်ပေးခြင်းတို့ဖြင့် ဝန်ထမ်းများကို တက်တက်ကြွကြွ စိတ်အားထက်သန်စွာ ပါဝင်နေကြရန် ဆွဲဆောင်ရသည်။ ထို့အပြင် အလုပ်ကြီးပဲလုပ်၍ ရင်းနှီးနေသည်ထက် စုပေါင်းပျော်ရွှင်စရာများ လုပ်ခြင်း၊ လုပ်ငန်း ဆွေးနွေးပွဲများကို ပြင်းရိငြီးငွေ့စရာထက် စိတ်ဝင်စားဘွယ်ရာ ဖန်တီးထားခြင်းတို့က ပို၍လူများကို ဖန်တီး လုပ်ကိုင်နိုင်ကြစေရန် အထောက်အကူပြုသည်။

ဝန်ထမ်းတို့၏ မိသားစုအရေးများကို အကူအညီပေးမှုများ လုပ်ပေးခြင်း၊ ရင်းနှီးမှု တည်ဆောက်ထားခြင်း တို့ကလည်း မိမိဝန်ထမ်းများကို မိသားစုသဘွယ် ဖြစ်စေပြီး လုပ်ငန်းကို မိသားစုလုပ်ငန်းသဘွယ် သဘောထားစေလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်မှု၏ အခြေခံ အရည်အချင်းဖြစ်သော ခံစားခွင့်များကို လက်အောက်ငယ်သားများကို ပိုပေးပြီး အလုပ်ကို ပိုမို တာဝန်ယူ လုပ်ပြဦးဆောင်ပြမှုကို အားလုံးက အသိအမှတ် ပြုလိမ့်မည်ဖြစ်သည်။ ထိုသို့ စီမံခန့်ခွဲမှု အရည်အချင်းများ ပိုင်ဆိုင်ကြောင်း ပြနိုင်ခြင်းက အထက်တာဝန်ရှိသူများက မိမိအား ပိုမိုကြီးမားသော စီမံခန့်ခွဲရေး တာဝန်များ ပေးစေရန် စဉ်းစားရာတွင် အထောက်အကူကောင်းများ ပေးလိမ့်မည် ဖြစ်သည်။

လုပ်ငန်းအတွင်း အကျိုးပြုသော ပြိုင်ဆိုင်မှုမျိုးကို အားပေးထားပါ။ ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ လုပ်ငန်းခွင် ဖန်တီးထားနိုင်လျှင်
သင့်လုပ်ငန်းက လုပ်ငန်းအောင်မြင်မှု များမည်ဖြစ်သည်။ ကိုယ့်လုပ်ဖော် ကိုင်ဘက် မကောင်းကြောင်း၊ အလုပ်အကိုင် မကောင်းကြောင်းကို
အလုပ်ထဲကလူတွေနဲ့ကော သေသေချာချာ ကိုယ်စိတ်ချလက်ချ မသိတဲ့ သူတွေနဲ့ကော ဘယ်တော့မှ မပြောပါနဲ့။ အထူးသဖြင့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် တယောက်ယောက်ကို ဘယ်တော့မှ ညီးညူတာ မလုပ်ပြပါနဲ့။ သူတို့က စပြီးညီးညူပြလာရင်တောင်မှ ကိုယ်က အလိုက်သင့်ပဲနေပြီး ကိုယ့်ဆီက ဘာမှ မထွက်အောင်နေပြပါ။ ဘယ်နိုင်ငံ၊ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ်ပြောထားဘူးတဲ့စကားကို အသုံးချပြီး ကိုယ့်ကို ချနင်းပြီး သူတို့ ပိုတက်ဘို့ လုပ်သွားတတ်တာ ရှိပါတယ်။ ဒီလို အကျင့်က
ကောင်းတဲ့အကျင့် မဟုတ်ပေမယ့် ဘယ်လူမျိုးမဆို လုပ်တတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ ကိုယ့်ခံစားချက်ကို အပြင်က ကိုယ့်သူငယ်ချင်း
စိတ်အရမ်းချရတဲ့သူ၊ ဒါမှမဟုတ် ကိုယ့်အမျိုး မိတ်ဆွေကလွဲလို့ ဘယ်သူ့ကိုမှ မပြောတာဟာ အကောင်းဆုံးပါပဲ။

ကိုယ့်စကားက ကိုယ့်အလုပ်နဲ့ကိုယ့်တာဝန်ခံတွေဆီကို တဆင့်စကား တဆင့်နားနဲ့ ပြန်ရောက်နိုင်တာကို သတိထားပါ။ ဒါပေမယ့် ကိုယ်က သူများတွေ ညည်းညူနေတာမှာ ဝင်ခုခံကာကွယ်ဘို့ လုပ်ရင်တို့၊ အဲဒီအကြောင်း မပြောဘို့ ပြောမိရင်တို့ လုပ်မိပြန်ရင်လ ဲ ကိုယ့်လုပ်ဖေါ် ကိုင်ဘက်တွေက ကိုယ့်အပေါ် ယုံကြည်မှု နဲလာပြီး ရှောင်ကြတတ်တဲ့ ကိစ္စမျိုးလည်း ရှိပါတယ်။ သူတို့ ပြောသမျှကို စိတ်ဝင်တစားနဲ့ နားထောင်ပြပြီး ကိုယ့်အတွေ့ အကြုံနဲ့ ကိုယ့်ခံစားချက်ကို မထွက်အောင်သာ အလိမ်မာနည်းနဲ့ ဆက်ဆံပြောဆိုပါ။ သူတို့ တတွေက ကိုယ့်စကားကို ပြန်အသုံးချပြီး သူတို့ ကောင်းကျိုးကို လုပ်နိုင်ပေမယ့် ကိုယ်ကတော့ သူတို့ ပြောစကားကို ဘယ်မှာမှ ပြန်ပြီး အတင်းချတာ မလုပ်ပါနဲ့။ ဒီလို အတင်းပြန်ချတတ်တာက ကိုယ့်ကို ယုံကြည်ထားနိုင်ရလောက်တဲ့သူ မဟုတ်ဘူးဆိုပြီး သတ်မှတ်ခံရ စေနိုင်ပါတယ်။ ဘယ်ဘက်က စကားကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ပြန်မပြောပဲ နေနိုင်တတ်တဲ့ အကျင့်ရှိအောင် လေ့ကျင့်လုပ်ကိုင်တာ အကောင်းဆုံးပါပဲ။ လူတကာက ကိုယ့်ကို ယုံကြည်ဆက်ဆံမှုကို ရပါလိမ့်မယ်။ ဒီလို ယုံယုံကြည်ကြည် ဆက်ဆံခံရမှုနဲ့ လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ နီးနီးစပ်စပ်ရှိမှုက
လုပ်ငန်းခွင်မှာ တိုးတက်မှုကို ရစေပါတယ်။ နီးနီးစပ်စပ် ရှိတယ်ဆိုတာနဲ့ သူတို့ လုပ်သမျှတိုင်းမှာ သူတို့ လုပ်သလို လိုက်လုပ်တယ်ဆိုတာ
ကွာခြားတာကို သတိပြုပါ။

လုပ်ငန်းထဲမှာ မည်သူ့ကိုမဆို ရိုးရိုးသားသားနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ပါ။ ရိုးသားမှုကို အခြေခံပါ။ ဖေါ်လံဖါးတာ
မလုပ်ပါနဲ့။ ဒီလိုလုပ်တာကို ပြင်ပမှာ ဘယ်သူမှ မကြိုက်ကြပါဘူး။ ဒီလိုလုပ်လို့ ရတဲ့ရင်းနှီးမှု အခွင့်အရေး ပေးမှုကလည်း ဘယ်တော့မှ
ကြာရှည်မခံပါဘူး။ လုပ်ဖေါ်ကိုင်ဘက်ချင်း တယောက်ယောက် ဒုက္ခရောက်နေရင် ဝိုင်းကူညီဘို့ ဘယ်တော့မှ မတုံ့နှေးပါနဲ့။ အားပေးပါ။ ဖေးမပါ။
ဒီလိုလုပ်တာဟာ ကိုယ့်အတွက်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင် ဆက်ဆံရေးနဲ့ ကိုယ့်လုပ်ငန်း တိုးတက်မှုအတွက် အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။ အခက်အခဲ ဖြစ်နေတဲ့ လုပ်ဖေါ် ကိုင်ဘက်ကို ဝိုင်းဝန်းကူညီတာနဲ့ သူ့အလုပ်တွေ အားလုံးကို ကိုယ်လုပ်ပေးတာ မတူတာကိုလည်း သတိပြုပါ။ သူ့အလုပ်ကို သူနိုင်အောင် နည်းလမ်းတွေ ပြပေးပါ။ သူ့ ဝန်ထုတ်ဝန်ပိုး ပေါ့သွားအောင်လည်း
တတ်နိုင်သမျှ ကူလုပ်ပေးပါ။

အများက အမှန်တရားအတွက် တခုခု စုလုပ်ကြတော့မယ်၊ တကယ်လည်း ကိုယ်က အဲ့ဒါ အမှန်တရား ဖြစ်တယ်လို့ ယုံကြည်တယ်ဆိုရင် ကိုယ့်အလုပ်၊ ကိုယ့်နေရာ၊ ကိုယ့်တည်မြဲမှုကို ကြည့်ပြီး ချန်နေတာ၊ နောက်ကွယ်က ပုန်းနေတာ မလုပ်ပါနဲ့။ ရှေ့ဆုံးအရမ်းထွက်တာ မကောင်းပေမယ့် သူတို့နဲ့ တန်းတူ အားလုံးရဲ့အကျိုးအတွက် ဖြစ်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီး ညီညီလုပ်ပါ။ ဒီအတွက်
ကိုယ့်ကို ဘက်ပေါင်းစုံက လေးစားမှုပေးတာ ခံရပါလိမ့်မယ်။ ကိုယ့်အကျိုး စီးပွါးကိုကြည့်ပြီး ထိမ်ချန်နေရင်တော့ လုပ်ဖေါ်ကိုင်ဘက် အချင်းချင်းကလည်း ညိုညင်မှာ ဖြစ်သလို အထက်က လူတွေကလည်း ဒီလူဟာ အမှန်တရားအတွက် မရပ်တည်ပဲ ကိုယ်ကျိုးစီးပွါးပဲ ကြည့်တဲ့သူအဖြစ် သတ်မှတ်ပြီး တကယ်ယုံကြည်စိတ်ချမှုထားမှာ မဟုတ်တော့ပါဘူး။ ဒါက တသက်လုံး ပါသွားမယ်အမှတ်
ဖြစ်ပါလိမ့်မယ်။ တူတူရပ်တည် ကြပြီးရင်လည်း လမ်းဆုံးအထိ တူတူသွားပါ။ တဝက်တပျက်ကနေ ကိုယ့်ကို အခွင့်အရေး တခုခုပေးလို့ သစ္စာဖေါက်တာ မလုပ်ပါနဲ့။ ဒီဟာက အများရဲ့ရှုံ့ချမှုကို တသက်လုံး ရနေစေပါလိမ့်မယ်။

လုပ်ငန်း အောင်မြင်မှုတွေမှာ ကိုယ်ကချည်းပဲ အဲ့ဒါအတွက် အမည်ကောင်း ယူတာထက် ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ၊
ကိုယ့်အောက်က လုပ်တဲ့သူတွေ အားလုံးနဲ့ အထက်က ကူညီအားပေးမှုတွေကို အသိအမှတ်ပြု ဖေါ်ပြပါ။ ဒါတွေက ကိုယ့်နဲ့အတူ အမြဲ အစွမ်းကုန် တွဲလုပ်ချင်မယ့်သူတွေ ထောက်ခံသူတွေ ပိုရစေပါလိမ့်မယ်။ အနှောင့်အယှက်ပြု မလိုတမာသူကိုတောင် သူ့ရဲ့ ထောက်ပြပေးမှုတွေအတွက်ကို ကျေးဇူးတင် ဂုဏ်ပြုပါ။ သူများအောင်မြင်မှုကို မနာလို ဝန်တို မဖြစ်ပါနဲ့။ မကောင်းတဲ့
နည်းနဲ့လည်းပြိုင်ဘို့ မစဉ်းစားပါနဲ့။ လူတိုင်းက ကိုယ့်ကို ပြန်ကြည့်နေလိမ့်မယ်ဆိုတာကို သတိရပါ။ ကိုယ့်နဲ့ တွဲလုပ်တဲ့
လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ကိုယ့်အောက်က ဝန်ထမ်းတွေကို ချီးကျူး ဂုဏ်ပြုစရာရှိတာကို ပြောဘို့ ဝန်မလေးပါနဲ့။ ပြောတဲ့အခါမှာလည်း
ရိုးရိုးသားသားပြောပါ။ ဟန်ဆောင်ပြောတတ်တာမျိုး မဖြစ်ပါစေနဲ့။ တယောက်ယောက် အမှားအယွင်း လုပ်မိတာမျိုးရှိရင်၊ အသုံးမကျတာမျိုးရှိရင်
ဒေါသထွက်နေချိန်မှာ ဘာမှမပြောမိအောင် စိတ်ထိမ်းပါ။ ဘယ်တော့မှ အော်ငေါက်တာ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ကိုယ့်ကို ကူလုပ်ချင်စိတ်ကို လျှော့နည်း စေပါလိမ့်မယ်။ သူတို့ မကူလုပ်ရင်လည်း ကိုယ့်ရဲ့ လုပ်ငန်းအောင်မြင်မှု လျှော့နည်း လာပါလိမ့်မယ်။ ဖြစ်သွားတဲ့ ကိစ္စမှာ ကိုယ့်ဘက်က ချို့ယွင်းချက်ကိုလည်း ကြည့်ပါ၊ ပြောပါ။ တစုံတယောက်ထဲကို အပြစ်ပုံချတာ မလုပ်ပါနဲ့။ ကိုယ်က ဦးဆောင်နေတဲ့သူဖြစ်ရင် ကိုယ်က တာဝန်ယူပါ။ နောက်ပြီး အပြစ်ပြောမယ့် အစား ဒါကို ပြုပြင် ပြောင်းလဲနိုင်မယ့် နည်းလမ်းရှာပါ။

အားလုံးကိုလည်း ဒီအထဲမှာ ပါဝင်အောင် သူတို့ အားလုံးကို ထည့်သွင်းဆွေးနွေး အဖြေရှာခိုင်းပါ။ ဒီလိုလုပ်မှုဟာ စုပေါင်းလုပ်ဆောင်မှုကို
အားပေးရာရောက်ပြီး ကိုယ့်ဦးဆောင်မှု မှန်မှန်ကိုလည်း ပြသပေးရာ ရောက်ပါလိမ့်မယ်။ တစုံတဦးကို သတိပေးစကား ပြောကြားမှရမယ့် အခြေအနေ ဖြစ်နေရင် လူတွေရှေ့မှာ၊ ရုံးခန်းထဲမှာခေါ်ပြီး မပြောပါနဲ့။ ရုံးခန်းထဲမှာ ခေါ်ပြောရင်လည်း တခြားသူတွေက သူ့ကို သတိပေးနေတာလို့ ရိပ်မိသွားစေပါလိမ့်မယ်။ ကောင်းတာက သူအားတဲ့ အချိန်ဖြစ်ဖြစ်၊ နေ့လည်စာ စားတဲ့အချိန် ဖြစ်ဖြစ် တူတူသွားစားမယ်ချိန်းပြီး သီးသန့်အပြင်ခေါ် သွားပြီးမှ ဆွေးနွေးပါ။ သူ့ကို သတိပေးစရာရှိတာ မပြောခင်မှာလည်း သူဘာတွေ
အခက်အခဲကြုံနေတာရှိလဲ၊ ကိုယ်ဘာတွေ ကူညီရမှာတွေရှိလဲ ဆိုတာတွေကို အရင်မေးမြန်းပြီး သူ့ပြဿနာကို နားထောင်ပြီးမှ အကူအညီ ပေးနိုင်မဲ့ နည်းလမ်းတွေကို ကမ်းလှမ်းပါ။ နောက်ပြီးမှ ကိုယ်စိတ်ထဲရှိနေတဲ့ သတိပေးစရာ အကြောင်းအရာကို နားဝင်ခံလောက်တဲ့ သတိပေးဆွေးနွေးမှုလုပ်ပါ။

ဘယ်လိုလုပ်ပါဆိုပြီး အမိန့်အာဏာသုံး ပြောမယ့်အစား အခုအခြေအနေကနေ တိုးတက်အောင် ဘယ်လိုလုပ်မယ် စဉ်းစားလဲဆိုတာကို သူ့ကို စဉ်းစားဖြေပါစေ။ အဲ့ဒါက သူ့ကို ပိုပြီး ပြောင်းလဲဘို့ လုပ်ပါစေလိမ့်မယ်။ ဒီလိုဆက်ဆံရေးက ကိုယ့်အလုပ်အပေါ် သူတို့အားလုံး စိတ်ရောကိုယ်ပါ လုပ်ကိုင်မှုတွေ ဖန်တီးပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်မှုလည်း ရပါစေလိမ့်မယ်။

စုပေါင်း လုပ်ငန်းတွေ လုပ်ရတဲ့အခါ အများကို ထည့်သွင်းပါ။ ဆွေးနွေးပါ။ ဘယ်လို လုပ်ကြရင်ကောင်းမယ်၊ ဘယ်အားနည်း ချက်တွေရှိမယ်၊ ဘာတွေ လုပ်ကြရင်ဘယ်သူတွေက ဘာတာဝန်တွေ ယူကြမလဲနဲ့ တဆင့်ခြင်းစီမှာ ဘယ်ကာလမှာ ဘာရလာဒ်ကို ရအောင်လုပ်ကြမယ် ဆိုတာတွေ ဆွေးနွေးပါ။ ကိုယ်က သတ်မှတ်တာထက် အများက ဆွေးနွေး သတ်မှတ်တာ ဖြစ်အောင် လုပ်ပါ။ အဲ့ဒါဆို အများက
ပိုပြီးစိတ်ဝင်တစား ပါဝင်လုပ်ပါလိမ့်မယ်။ သတ်မှတ်ကာလ ပုံမှန် အစည်းအဝေးတွေမှာလည်း ဘယ်သတ်မှတ်ချက်တွေကို အောင်မြင်တယ၊် ဘယ်နေရာမှာတော့ အားနည်းနေတယ်၊ အားနည်းနေတဲ့ နေရာကို ဘယ်လို ကူညီဖြည့်မယ်နဲ့ နောက်ဘာတွေ တွေ့ရတယ် ဆိုတာတွေကို အမြဲညှိနှိုင်း ဆွေးနွေးတာက အားလုံးပါဝင်မှုကို ရပါစေလိမ့်မယ်။ ဆွေးနွေးပွဲတွေမှာ အားနည်းချက်တွေကို ထောက်ပြတာကို
လူပုဂ္ဂိုလ်ကို ဝေဖန်မယ့်အစား လုပ်ရပ်ကို အပြုသဘောဆောင်တဲ့ ထောက်ပြဝေဖန်မှုမျိုးနဲ့ ဘယ်လိုလုပ်ရင် ကောင်းလိမ့်မယ်ထင်တယ်ဆိုတဲ့
အကြံပြုမှုကို လူတိုင်းကို လုပ်ခိုင်းပါ။ မိမိကိုယ်လဲ အရိုးသားဆုံး ဝေဖန်မှုပြုခိုင်းပါ။ ဘယ်လို ဝေဖန်မှုအတွက်ကိုမှ စိတ်ခုတာ၊ ကိုယ့်ကိုကိုယ်
ကာကွယ်လိုစိတ်နဲ့ တုံ့ပြန်တာ မလုပ်ပါနဲ့။ ဝေဖန်မှုတိုင်းကို ကျေးဇူးရိုးရိုးသားသားတင်ပြီး လက်ခံစဉ်းစားပါ။ အဲ့ဒါက
ကိုယ့်ရဲ့တိုးတက်မှုကို အများကြီး ရပါစေလိမ့်မယ်။ ချီးကျူးတာ ခံရတာထက် ဝေဖန်တာခံရတာက ကိုယ့်အတွက် ပိုတိုးတက်စေမယ်ဆိုတာ သတိအမြဲထားပါ။

တီထွင်ဖန်တီးမှုကို အားပေးသော အကျိုးပြုသည့် စီမံခန့်ခွဲမှု အရည်အချင်းများ ပိုင်ဆိုင်သိရှိထားလေ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိလေ ဖြစ်သည်။ သင်ထိုအရည်အချင်းများ ပိုင်ဆိုင်နေလျှင် မည်သူကမျှသင့်ကို လျှစ်လျှူကြာရှည် ပြုထားနိုင်လိမ့်မည် မဟုတ်ပါ။

မိမိကိုယ် တခြားလူက မဆက်ဆံစေလိုသော ပုံစံမျိုးကို မိမိက အခြားသူများကို မဆက်ဆံမိအောင် သတိထားနိုင်လေ ကောင်းလေဖြစ်သည်။

တိုးတက်မှုများရှာနိုင်ကြပြီး လုပ်ရင်းသင်၊ သင်ရင်းတိုးတက်နေအောင် လုပ်နိုင်ကြပါစေ။
Credits:mysing

PROJECT TEAM

2 responses to “မည်သည့်အခါမျှ သင့်အထက်အရာရှိကို မပြောသင့်သော အကြောင်းအရာ (၇)ခု”


  1. ဟုတ်ကဲ့… မှတ်ထားပါ့မယ်.. (လိုက်လုပ်မည်ဟု မဆိုလိုပါ.. :D)


    1. အင်း မှတ်ထားပေါ့……….လိုက်လုပ်မလုပ်ကတော့ နင့်သဘောပါပဲ………….

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading