ကျွန်တော်ကြည့်ခဲ့ရတဲ့ Avatarနှင့် တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်
ရုံးပိတ်ရက် ၃ ရက်ရတာနဲ့ ရုပ်ရှင်တွေကြည့်ဖြစ်တယ်၊ အခုနာမည်ကြီးနေတဲ့ Avatar ကို ကြည့်ဖြစ်တယ်။ ခေတ်လွန် သိပ္ပံကား တစ်ကားလို့ ပြောလို့ရတာပေါ့။နောက်တစ်ကားက တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်အကြောင်း ရိုက်ထားတဲ့ ကားရှေးခေတ်တုန်းက အကြောင်းရိုက်ထားတဲ့ ရှေးကား ဆိုပါတော့။Avatar ကလူသားတွေက အခြားဂြိုလ်ကို သွားပြီး ကျူးကျော်တိုက်ခိုက်တဲ့
အကြောင်းကို ရိုက်ထားတဲ့ ကားတစ်ကားပေါ့။ ရုပ်ဆိုးဆိုး အမြီးပေါက်နေတဲ့အရွယ်အစား လူ့ထက် နှစ်ဆလောက်ကြီးတဲ့ ဂြိုလ်သားတွေပုံစံကထူးထူးဆန်းဆန်းပါပဲ။ လူသားတွေထဲက တစ်ချို့ မင်းသား အပါအဝင် က အဲဒီဂြိုလ်သားတွေလို အယောင်ဆောင်ပြီး ဂြိုလ်သားတွေ အကြောင်းကို လေ့လာတာကနေမင်းသားနဲ့ မင်းသမီး (ဂြိုလ်သူ) တို့ တွေ့ကြပါတယ်ပေါ့။ ထူးဆန်းတာကတော့
ဂြိုလ်သားတွေက လူစကား(အင်္ဂလိပ်စကား)ပြောတတ်တာပဲ။
နယ်မြေကျူးကျော်မှုတွေကို ဆန့်ကျင်တဲ့ မင်းသားနဲ့ သိပ္ပံပညာရှင်အပေါင်းအပါတစ်စုက ကူညီပြီးတော့ ဂြိုလ်သားတွေဘက်ကနေ တိုက်ခိုက်လိုက်တာနိုင်သွားပါတယ်ပေါ့။ ဒီကားထဲမှာ လူသားတွေက ဒေါသတကြီးနဲ့ လောဘတကြီးနဲ့သဘာဝတရားတွေကို ဖြတ်ဆီးတာ၊ အသက်တွေကို သက်ဖြတ်တဲ့ ပုံတွေကို ကြည့်ရတာ စိတ်မကောင်းစရာပါပဲ။ကွန်ဖြူးရှပ်ရှေးတရုတ်ကားထဲမှာလည်း လူသားတွေက အချင်းချင်း နယ်မြေတွေလုကြတိုက်ခိုက်ကြ သတ်ဖြတ်ကြတဲ့ ပုံတွေကို မြင်တွေ့ရပါတယ်။ပညာရှိကြီးအကြောင်းဇာတ်ကားဆိုတော့ ဘာပညာတွေ အကြောင်းများ တင်ပြထားမလဲလို့
စစ်ကားတစ်ကားကို ကြည့့်ရသလိုပါပဲ။ဇာတ်ကားနှစ်ကားလုံးမှာ အာဏာရှိသူတွေက ပညာရှင်တွေကို သိပ်အလေးမထားတဲ့ပုံစံတွေနဲ့ ရိုက်ပြထားတယ်။ စိတ်မကောင်းစရာပါပဲ။ ပညာရှင်တွေရဲ့
တင်ပြချက်တွေကို သူတို့လိုချင်တဲ့ အခြေအနေတစ်ခု အထိပဲ အသုံးချသွားတဲ့ ပုံစံမျိုးတွေပါ။
ဒီကားနှစ်ကားကို ကြည့်မိတော့ တစ်ခုစဉ်းစားမိတယ်။ အော် လူသားတွေကဟိုးရှေးရှေးကတည်းက လောဘ၊ ဒေါသ၊ မောဟတွေနဲ့ တိုက်ခိုက်လိုက်ကြ၊သတ်ဖြတ်လိုက်ကြနဲ့ စိတ်မကောင်းစရာပဲ၊ သိပ္ပံခေတ်လွန်မှာလည်း ဒီအတိုင်းပဲဆက်သွားကြမှာလားလို့ပါ။ နည်းပညာတွေ တိုးတက်လာပေမယ့်၊ လူသားတွေက ဘာမှလည်းပြောင်းလဲမသွားပါလားပေါ့။ ဟိုးရှေးရှေး ကျောက်ခေတ်ကတည်းက အုပ်စုဖွဲ့
နေထိုင်၊ ကိုယ့်အုပ်စုကောင်းစားရေးကို အဓိကထားကြ၊ အခုခေတ်မှာလည်းကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကောင်းစားရေးအမျိုးသားကာကွယ်စောင့်ရှောက်ရေးလို့ပြောပြီး ကိုယ်ကောင်းစားဖို့ကို
အဓိကထားကြ၊ နောက်နောင်မှာကော ဒီလိုပဲ ဆက်ဖြစ်နေကြဦးမှာလား။တကယ်ဆိုရင် သက်ရှိလူသားတွေ အတူတူ လူမျိုး၊ ဘာသာ၊ နိုင်ငံသားတွေမခွဲခြားပဲ လူကို လူလို့သဘောထား အချင်းချင်း သာတူညီမျှ ကောင်းစားရေးကိုသာရှေးရှုနိုင်ရင် ဘယ်လောက်များကောင်းလိုက်မလဲ။