ဘယ်အလုပ်ကိုလုပ်လုပ် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်။

သမီးလေးရေ

ဘယ်အလုပ်ကိုလုပ်လုပ် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်။ လူတွေက အလုပ်ပြီးမြောက်မှု တခုတိုင်းမှာ ပျော်ရွှင်မှုကို ခံစားကြရတယ်။ သမီးလည်း ကစားနည်း တခုခု လုပ်နိုင်လို့ ပျော်ရွှင်ရင် လက်ခုပ်တီးသလိုပဲပေါ့။ အားပေးမှုက ပျော်ရွှင်မှုကို ဖြစ်စေတယ်။ သမီးဆိုရင် မိမိအလုပ်ပြီးမြောက်မှုအတွက် မိမိကိုယ်ကိုယ် အားပေးတဲ့ အနေနဲ့ လက်ခုပ်တီးတတ်တယ်လေ။

အချိန်နဲ့ အလုပ် ဆိုတာကို စီမံခန့်ခွဲတတ်ဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲက အခြေခံကြတာလေး တခု သမီးကို ပြောပြမယ်။ အလုပ်တွေ ပြီးမြောက်ဖို့က ကိုယ်ဘာတွေလုပ်ရမယ်ဆိုတာ သိပြီး၊ ဦးစားပေး အဆင့်တွေကို သက်မှတ် တတ်ဖို့ အရေးကြီးတယ်။ ပြီးတော့ မိမိ အလုပ်ပြီးမြောက်မှု အတွက် ၊ ပျော်ရွှင်မှု အတွက် ဦးစားပေး အဆင့် သက်မှတ်တတ်ဖို့လည်း လိုတယ်။ အရေးကြီးတာကို အရင်ဆုံး ဦးစားပေး လုပ်ဆောင်ရမယ်ဆိုတာ မှန်ပေမယ့် အောက်ပါ အချက် ၂ ချက်ကို အခြေခံပြီး လုပ်ရင် ပျော်ရွှင်တဲ့ အလုပ် ဖြစ်လာမယ်။ စိတ်ဖိစီးမှု ကင်းစေမယ်။

(၁) လွယ်မြန်တဲ့ အလုပ်ကို အရင်လုပ်
လွယ်လွယ် မြန်မြန်နဲ့ ခဏလေး လုပ်တာနဲ့ ပြီးမယ့် အလုပ်ကို လုပ်ခြင်းအားဖြင့် အလုပ်ပြီးမြောက်မှု ပျော်ရွှင်မှု ရလဒ်ကို ခံစားရပြီး နောက်လုပ်မယ့် အလုပ်တွေ အတွက် စိတ်ခွန်အားကို ရစေတယ်။ များသောအားဖြင့် အလုပ်ရှုပ်ပြီး စိတ်ရှုပ်နေသူတွေရဲ့ တူညီတဲ့ အချက်က လွယ်ကူ မြန်စွာ ပြီးမယ့် အလုပ်တွေကို လျစ်လျူရှုထားတတ်ကြတယ်။ လွယ်လွယ် ခဏ ပြီးမယ့် အလုပ်ကို မြန်မြန် ချက်ချင်း လုပ်လိုက်ရင် အလုပ်ပြီးမြောက်မှု တခု ရရှိပြီး စိတ်ကျေနပ်မှုကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေတာပေါ့။

သေးငယ်တဲ့ အလုပ်ကို ၁၀၀% ပြီးမြောက်အောင် မလုပ်နိုင်သူက ကြီးမားတဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်တဲ့။

(၂) အခြားသူအတွက် အရင်လုပ်
ပြီးတော့ ကိုယ့် အလုပ်ရလဒ်ကို ရမှ အလုပ်လုပ်နိုင်မယ့် စောင့်နေတဲ့သူရှိတဲ့ အလုပ်ကို ပိုပြီး ဦးစားပေး သက်မှတ်သင့်တယ်။ ကိုယ်လုပ်ပေးလိုက်တဲ့ အလုပ်ကြောင့် စောင့်နေသူ အလုပ်လုပ်နိုင်သွားတဲ့ အတွက် ၊ အသိအမှတ် ပြုခံရတဲ့အတွက် မိမိ စိတ်မှာ ကျေနပ်မှု စိတ်ပျော်မှု ဖြစ်စေပြီး အခြား အလုပ်တွေမှာ စိတ်ခွန်အား တိုးစေတယ်။ မိမိ လုပ်ရမယ့် အလုပ်ကိုလည်း စိတ်ဖြောင့်ဖြောင့်နဲ့ ပေါ့ပါး လွတ်လပ်စွာ လုပ်နိုင်တယ်။

အများအကျိုးဆောင် ကိုယ့်အကျိုးအောင်တဲ့။

ဒီနှစ်ချက်ကို အခြေခံထားပြီး အလုပ်တွေကို ဦးစားပေး အဆင့် သက်မှတ် ရင် မိမိရဲ့ အချိန်ကို စီမံခန့်ခွဲဖို့ လွယ်ကူလာပါလိမ့်မယ်။ ဒါဆိုရင် အလုပ်လုပ်ရတာ ပျော်ရွှင်လာမယ်။ စိတ်ဖိစီးမှု ကင်းစေတဲ့ အလုပ်လုပ်နည်းတွေ အများကြီးထဲက တခုလည်း ဖြစ်တယ်။ ဒါက အချိန် စီမံခန့်ခွဲမှု နည်းလမ်းတွေထဲက နည်းလမ်း တခုပေါ့။ မှန်ကန်တဲ့ နည်းလမ်းဆိုတာ တခုတည်း ရှိတာ မဟုတ်လို့ နည်းလမ်းမျိုးစုံကို လေ့လာပြီး သင့်တော်သလို အသုံးချနိုင်ပါစေဗျာ။

ချစ်တဲ့ ဖေဖေ
ကောင်းမြတ်ထွန်း
ခေတ္တ ဖိလစ်ပိုင် စဲဘု
16th Oct, 2018.

Leave a Reply

Discover more from HOME

Subscribe now to keep reading and get access to the full archive.

Continue reading