ကျွန်တော်နှင့် ကျေးဇူး

ကျေးဇူးတင်ပါတယ်….

အဲဒီနှစ်က ကျွန်တော် ၅တန်းစားမေးပွဲကြီးပြီးလို့ နွေရာသီ ကျောင်းပိတ်ရက်၊ အောင်ဆန်းအားကစားကွင်းကို အားကစားသင်တန်း (ကရာတေး) သွားတက်ဖို့ ဘတ်စ်ကားနဲ့ အသွား ကားပေါ်မှာ ရင်းနှီးခဲ့ရသူကတော့ ကိုလင်း လို့ခေါ်တဲ့ အစ်ကို တစ်ယောက်ဖြစ်သည်။ လူရည်လည်သော၊ အသားအရည် ကောင်းမွန်သော၊ ခင်မင်နှစ်လိုဖွယ်ကောင်းသော၊ စကားပြောကောင်းသော အစ်ကို တစ်ဦးဖြစ်လို့ အလွန်ပင် ခင်မင်ရင်းနှီးသွားခဲ့ပါသည်။ သူသည် ကျွန်တော်တို့ အိမ်ပြောင်းလာသော လမ်းတွင်နေထိုင်သော တစ်လမ်းတည်းသား အိမ်နီးနားချင်း မိတ်ဆွေဖြစ်ကြောင်းလည်း သိလိုက်ရပါသည်။

အစ်ကိုလို ခင်ဖို့ကောင်းသော ကိုလင်းသည် စကားအပြောအဆို အလွန်ပင် နူးညံံံ့သူဖြစ်သည်။ ကျွန်တော်တို့ ပထမဆုံးခင်မင် ရင်းနှီးပြီး၊ အောင်ဆန်းကွင်းက အပြန်၊ ကျွန်တော် အိမ်သို့ အဝင် လမ်းခွဲစဉ်တွင်၊ “ညီလေး ဒီနေ့ ကျေးဇူးတင်ပါတယ်နော်”၊ လို့ ကျွန်တော့်ကို နှုတ်ဆက်ပါသည်။ ကျွန်တော့်စိတ်ထဲတွင် ငြိမ်းချမ်းသော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ကျွန်တော်လည်းပဲ အစ်ကိုလို ပြောတတ်ချင်ခဲ့ပါသည်။ မိတ်ဆွေများကို ကျွန်တော် ကျေးဇူးတင်ပါတယ် ဆိုသော စကားကို ပြောဖြစ်ရန် ကြိုးစားပါတော့သည်။ အခြေအနေပေးတိုင်း၊ စိတ်ထဲတွင် ကျေးဇူးတင်ရှိတိုင်း ကျွန်တော့်နှုတ်မှ ကျေးဇူးတင်ပါတယ် ဆိုသော စကားကို အသေးအဖွဲလေးမှ အစ ပြောဖြစ်ရန် ကျွန်တော် ကြိုးစားခဲ့ပါသည်။

လူအချင်းချင်း အပြန်အလှန် ကျေးဇူးတင်ခြင်းသည် ငြိမ်းချမ်းခြင်း၏ အခြေအနှစ်ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။ အသိမိတ်ဆွေများကို ကျေးဇူးတင်သော အခါတွင်၊ နှုတ်မှထုတ်ဖော်ပြောဆိုခြင်းသည် လူ့ယဉ်ကျေးမှုအဆင့် မြင့်မားသော အပြုအမူ တစ်ခုဟု ကျွန်တော်ယူဆမိပါသည်။ ထို့အပြင် အသိမိတ်ဆွေများက ထုတ်ဖော်ပြောဆိုလာသော ကျေးဇူးတင်မှုများကိုလည်း လေးနက်စွာ လက်ခံပေးခြင်းသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်ဟု ဆင်ခြင်မိပါသည်။

Novemberလသည် အနောက်နိုင်ငံများတွင် Thanksgiving Dayဟုဆိုကာ ရုံးပိတ်ရက်သက်မှတ်ပြီး ဆင်နွှဲကြသော လလည်းဖြစ်သည်။ ဂျပန်နိုင်ငံတွင်တော့ 勤労感謝の日ဟုဆိုကာ ရုံးပိတ်ရက် သက်မှတ်ထားကြပါသည်။ နှစ်တစ်နှစ်ကို ဖြတ်ကျော်လာပြီး၊ ပြီးဆုံးခဲ့သော နှစ်တစ်နှစ်စာအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုဆွေးနွေးကြတဲ့ ဓလေ့ထုံးတမ်းစဉ်လာမှ ပေါက်ဖွားလာသော နေ့ရက်များဖြစ်မည်ဟု ယုံကြည်ပါသည်။

လူ့လောကထဲတွင် နေထိုင်နေသောသူများ ဖြစ်သည့် အလျောက် အပြန်အလှန် တစ်ဦးနှင့်တစ်ဦး၊ ကျေးဇူးတရား ရှိကြသည်မှာ ဓမ္မတာပင်ဖြစ်သည် ဟုထင်မြင်ယူဆမိပါသည်။ လူအခြင်းခြင်းမှပင်မဟုတ်၊ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ရှိနေကြသော သစ်ပင်ပန်းမန်များ၊ အရာဝတ္ထုများ၊ တိရိ စ္ဆာန်များ၊ စသဖြင့် အရာအားလုံးတို့သည် အပြန်အလှန် ကျိုးကြောင်း ဆက်စပ်၊ ကျေးဇူးတရားများ အပြန်အလှန်ရှိကြသည် ဖြစ်သည်ဟု ဆင်ခြင်မိပါသည်။

တိုတောင်းလှသော လူ့သက်တမ်းပေါ်တွင် အချင်းချင်း အပြန်အလှန် ထားရှိခဲ့ကြသော ကျေးဇူးတရားများကို ဆင်ခြင် အောက်မေ့ရင်း၊ ကျန်ရှိနေသေးသော လူ့သက်တမ်းကို ချစ်ခြင်းတရားများ၊ ငြိမ်းချမ်းခြင်းတရားများကို ဖော်ကျူးပေးနိုင်မယ့် ကျေးဇူးတရားများကို အခြင်းခြင်း ထုတ်ဖော် ပြောဆို အသိအမှတ်ပြုရင်း၊ ငြိမ်းအေးသော ဘဝပိုင်ရှင် တစ်ယောက်ဖြစ်ရန် ကြိုးစားတည်ဆောက်သွားမည်ဟု တွေးတော ဆင်ခြင်ဆုံးဖြတ်မိပါသည်။

ကျေးဇူးတင်ပါသည်။
ကောင်းမြတ်ထွန်း
Kaung Myat Tun
2014 Nov 24, 4:56 AM
Tokyo, Japan.

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading