မယား ( ၇ ) မျိုး

မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်ကြီး၏ အလှူရှင် ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။ ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ–ဒါဆို သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏ ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း ဟောကြားလိုက်လေသည်။

ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ အာမခံသွားသည်။

မယား ( ၇ ) မျိုး

၁ ။ (ဝဓာ ဘရိယာ) ရန်သူနှင့်တူသောမယား
မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊ မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင် အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ဝဓာ ဘရိယာ- ရန်သူနှင့်တူသော မယားဖြစ်၏။

၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား
မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောကျ်ား ရှာဖွေစုဆောင်းထားသော အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။ ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။

၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား
မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊ ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌ အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ- အရှင်သခင်နှင်တူသော မယားဖြစ်၏။

၄ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့ မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊ ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည် မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။

၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။

၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား
မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ- မိတ်ဆွေနှင့်တူသော မယားဖြစ်၏။

၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား
မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊ မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။ ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌ ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော မိန်းမမျိုးဖြစ်၏ ။

အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည် ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို အမျိုးသမီးတို့သည် ဘဝဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘဝကို ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၃) ခုသော မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

ကျမ်းကိုး– အဂုၤတ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်။

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading